ဆော်ဒီသတင်းသမား ဂျမဲလ်ခါရှောဂီ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဆော်ဒီအစိုးရက ထုတ်ပြန်

ဆော်ဒီသတင်းသမား ဂျမဲလ်ခါရှောဂီ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဆော်ဒီအစိုးရက ထုတ်ပြန်

ဆော်ဒီသတင်းသမား ဂျမဲလ်ခါရှောဂီသည် တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်၌ ဆော်ဒီအစိုးရက ထုတ်ပြန်ခဲ့သည်။ ဆော်ဒီဘုရင် ဆဲလ်မန်နှင့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်တို့သည် ခါရှောဂီ၏သား ဆာလက်ခါရှောဂီထံ ဖုန်းဆက်၍ ဝမ်းနည်းကြောင်းနှင့် စာနာမှုကိုဖော်ပြသည့်စကားများ ပြောဆိုခဲ့သည်။

ဆော်ဒီအိမ်ရှေ့စံ၏ နောက်လိုက်တစ်ဦးဖြစ်သူ မဟာအဲဘ်ဒူလာဇစ် မူထရက်ဘ်သည် ကောင်စစ်ရုံးတွင်း ခါရှောဂီရောက်မလာမီ ရောက်ရှိခဲ့ကြောင်း ယင်းသို့ဖုန်းခေါ်ခြင်းမပြုမီ စီစီတီဗွီပုံရိပ်တစ်ခုလည်း ထွက်ပေါ်ခဲ့သည်။ 
မူထရက်ဘ်သည် မှုခင်းဆေးပညာကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ၄င်းရောက်ရှိနေကြောင်း ဆော်ဒီတို့က ပြောဆိုခဲ့ခြင်း မရှိပေ။
    

ခါရှောဂီအား သတ်ဖြတ်ခဲ့သည့် ဧရာမအမှားတစ်ခုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး အဒဲလ်အယ်လ်ဂျူဘီယာက ပြောဆိုခဲ့ပြီး သတ်ဖြတ်မှုကို ဆော်ဒီတွင်သြဇာကြီးလှသည့် အိမ်ရှေ့စံမင်းသားက အမိန့်ပေးခဲ့သည်ဆိုခြင်းကိုမူ ငြင်းဆန်ခဲ့သည်။ 
ထို့ပြင် ခါရှောဂီအလောင်း မည်သည့်နေရာတွင်ရှိကြောင်း မသိဟုလည်း ပြောဆိုခဲ့သည်။
    

အောက်တိုဘာ ၂ ရက်က အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ရုံးအတွင်း ခါရှောဂီဝင်ရောက်ခဲ့ပြီးနောက် အသက်ရှင်လျက် ပြန်ထွက်သွားခဲ့ကြောင်း ကနဦးပြောဆိုခဲ့သည့် ဆော်ဒီအာဏာပိုင်များသည် အဖြစ်မှန်ကိုပြောဆိုရန် နိုင်ငံတကာ၏ ဖိအားပေးခြင်း ခံနေရသည်။
    

အောက်တိုဘာ ၁၉ ရက်တွင်မူ ခါရှောဂီသည် ကောင်စစ်ရုံးအတွင်း လက်သီးထိုးသည့်ရန်ပွဲနွှဲခဲ့ရာမှ သေဆုံးခဲ့ကြောင်း ဆော်ဒီတို့က ပြောဆိုခဲ့ပြီး ယခုနောက်ဆုံး အသတ်ခံရခြင်းဟု ပြောင်းလဲပြောဆိုခြင်းဖြစ်သည်။ ဆော်ဒီအစိုးရသည် ခါရှောဂီသေဆုံးမှုအတွက် ဆော်ဒီနိုင်ငံသား ၁၈ ဦးကိုဖမ်းဆီးထားပြီး အရာရှိကြီးငါးဦးကို ထုတ်ပယ်ခဲ့ကြောင်းလည်း ပြောဆိုထားသည်။
    

တူရကီမီဒီယာများက ၁၅ ဦးပါ ဆော်ဒီအုပ်စုတစ်စုသည် အစ္စတန်ဘူလ်သို့ လေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး ကောင်စစ်ရုံးထဲတွင်စောင့်၍ ခါရှောဂီကို သတ်ဖြတ်ခဲ့ကာ အလောင်းကို အပိုင်းပိုင်းဖြတ်တောက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဆော်ဒီ ၁၅ ဦး တူရကီသို့ လာရောက်မှု၊ ဆော်ဒီ၌ ၁၈ ဦးဖမ်းဆီးမှုအပါအဝင် ရှင်းပြရန်လိုအပ်သည်အားလုံး ဆော်ဒီအာဏာပိုင်တို့က အသေးစိတ် ရှင်းပြရန်လိုကြောင်း တူရကီသမ္မတ အာဒိုဂမ်က ပြောဆိုခဲ့သည်။
    

ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်တို့သည် ခါရှောဂီအသတ်ခံရခြင်းကို ပြစ်တင်ရှုတ်ချကြောင်း၊ ဆော်ဒီကောင်စစ်ရုံးအတွင်း ဖြစ်ပျက်ခဲ့သမျှအတိအကျကို အလျင်အမြန် ရှင်းလင်းဖော်ပြရန် လိုအပ်ကြောင်း၊ သတင်းသမားများ အတိုက်ခိုက်ခံရခြင်းကို လက်မခံနိုင်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။