ရှေးဟောင်း နန်းတော်များ၊ ခံတပ်များကြောင့် နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်များစွာ ဝင်ထွက်လျက်ရှိသော အိန္ဒိယနိုင်ငံ မြောက်ပိုင်း ရာဂျက်စထန်ပြည်နယ်တွင် ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၀ဝ ကျော်ထိ တွေ့ရှိထားကြောင်း ပြည်နယ်ကျန်းမာရေးအဖွဲ့ စာရင်းအရ သိရသည်။
ပြည်နယ်မြို့တော် ဂျပူတွင် အောက်တိုဘာ ၂၀ ၌ ဇီကာ ကူးစက်ခံရသူ နောက်ထပ် ၈ ဦးကို တွေ့ရှိထားကြောင်းလည်း Press Trust of India သတင်းအေဂျင်စီက ဖော်ပြသည်။ ကိုယ်ဝန် ပထမ သီတင်းပတ် ၁၂ ပတ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များတွင် ဇီကာ ဗိုင်းရပ်စ် ကူးစက်မှု ရှိ မရှိကို ပြည်နယ် ကျန်းမာရေးအဖွဲ့က စစ်ဆေးမှုများ ပြုခဲ့စဉ်အတွင်း ကူးစက်ခံထားရသူများကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါ သတင်းအေဂျင်စီက ဆိုသည်။
ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရပါက ဖျားနာ၊ အနီကွက်များထွက်၊ အဆစ်အမြစ်များ ကိုက်ခဲတတ်ကာ၊ ကိုယ်ဝန်ဆောင်မိခင်များတွင် သန္ဓေသား မွေးရာပါ ခန္ဓာကိုယ် ချို့ယွင်းမှုများ ဖြစ်ပွားတတ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် အမီဒါဘတ်မြို့တွင် ဇီကာ ဗိုင်းရပ်စ်ပိုးကို ပထမဆုံး တွေ့ရှိခဲ့ရသည်။ ကမ္ဘာ့ နိုင်ငံပေါင်း ၈၆ နိုင်ငံတွင် ဇီကာ ဗိုင်းရပ်စ် ပျံ့နှံ့လျက်ရှိကြောင်းလည်း WHO စာရင်းက ဖော်ပြသည်။
ဇီကာဗိုင်းရပ်စ်သည် ခြင်မှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်မျိုးဖြစ်သည်။ ယူဂန်ဒါနိုင်ငံတွင် ၁၉၄၇ ခုနှစ်က မျောက်များတွင် ဦးဆုံးအဖြစ် ဇီကာဗိုင်းရပ်စ်ကို တွေ့ရပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန်ဒါနှင့် တန်ဇေးနီးယားတို့တွင် လူသားများ၌ ပထမဆုံးအကြိမ်အဖြစ် ဇီကာ ကူးစက်မှုကို တွေ့ရှိခဲ့ရသည်။

















