ဂျပန် ဓာတုဗေဒ နိုဘယ်ဆုရှင် ရှီမိုမူရာ အသက် ၉၀ တွင် ကွယ်လွန်

ဂျပန် ဓာတုဗေဒ နိုဘယ်ဆုရှင် ရှီမိုမူရာ အသက် ၉၀ တွင် ကွယ်လွန်

ဂျပန်နိုင်ငံတွင် မွေးဖွားခဲ့သော အဏ္ဏဝါဇီဝဗေဒ ပညာရှင် ဓာတုဗေဒ နိုဘယ်ဆုရှင် အိုဆာမူ ရှီမိုမူရာသည် အသက် ၉၀ အရွယ်တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။ 

လူကြီးရောဂါဖြင့် အောက်တိုဘာ ၁၉ ရက်က ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့ကြောင်း နာဂါဆာကီ တက္ကသိုလ်က အောက်တိုဘာ ၂၂ တွင် ထုတ်ပြန်အသိပေးခဲ့သည်။ ကင်ဆာ ကုသရေးတွင် ထိထိရောက်ရောက် ကူညီပေးနိုင်ခဲ့သည့် ဂျယ်လီငါး ပရိုတိန်းဓာတ်အကြောင်း လေ့လာတွေ့ရှိခဲ့မှုဖြင့် ရှီမိုမူရာနှင့် အမေရိကန် သိပ္ပံပညာရှင်နှစ်ဦးတို့ ၂၀ဝ၈ ခုနှစ် ဓာတုဗေဒ နိုဘယ်ဆုကို ပူးတွဲဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ 
    

ရှီမိုမူရာကို ၁၉၂၈ ခုနှစ်တွင် ကျိုတိုမြောက်ပိုင်း၌ မွေးဖွားခဲ့ပြီး နာဂါဆာကီတွင် ကျောင်းတက်ခဲ့ကာ ၁၉၄၅ သြဂုတ် ၉ ရက်က နာဂါဆာကီ အဏုမြူဗုံးကြဲခံရမှု၌ အသက်ရှင်လွတ်မြောက်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် နာဂါဆာကီ ဆေးဘက်ဆိုင်ရာ ကောလိပ်မှ ဓာတုဗေဒဘွဲ့ ရရှိခဲ့သည်။ ၁၉၆၀ တွင် ပရင်စတန် တက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းဒေသရှိ ဂျယ်လီငါး ထောင်ပေါင်းများစွာထံမှ ပရိုတိန်းဓာတ်များကို ထုတ်ယူလေ့လာခဲ့သည်။

ဂျယ်လီငါးတွင် ပါဝင်သည့် စိမ်းရောင်ခြယ် ပရိုတိန်းဓာတ်သည် ဆဲလ်များ၏ ဇီဝလုပ်ငန်းစဉ်များကို လေ့လာမှုနှင့် ကင်ဆာဆဲလ်များ ပြန့်ပွားမှုကို လေ့လာရာတွင် များစွာ အထောက်အကူ ပြုခဲ့သည်။ 
    

ရှီမိုမူရာသည် ပရင်စတန် တက္ကသိုလ်သို့ တက်ရောက်ပြီးနောက်ပိုင်း အမေရိကန်တွင်သာ နေထိုင်ခဲ့သော်လည်း နောက်ဆုံးနှစ်ပိုင်းများတွင် ဆွေမျိုးများနှင့် နီးနီးနားနား နေထိုင်ရန် နာဂါဆာကီသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း နာဂါဆာကီ တက္ကသိုလ် တာဝန်ရှိသူများက ပြောသည်။