ဆော်ဒီသတင်းစာဆရာ ဂျမဲလ်ခါရှောဂီအား သတ်ဖြတ်ခဲ့သူများဟု တူရကီတို့က သံသယရှိသည့် ဆော်ဒီ ၁၅ ဦးထဲမှ တစ်ဦးသည် အောက်တိုဘာလ ၂ ရက်တွင် ခါရှောဂီအသတ်ခံရပြီးနောက် ၄င်း၏အဝတ်အစားများကို ဝတ်ဆင်လျက် အစ္စတန်ဘူလ်တစ်ခွင် သွားလာခဲ့ကြောင်း ဗွီဒီယိုပုံရိပ်များရှိသည်ဟု သိရသည်။
တူရကီစုံစမ်းရေးသမားများ၏ ဖော်ထုတ်ချက်အရ ခါရှောဂီ၏အဝတ်အစားများဝတ်ဆင်လျက် မုတ်ဆိတ်နှင့် မျက်မှန်ကိုလည်း ခါရှောဂီ့အသွင်ယူထားသူတစ်ဦးသည် ကောင်စစ်ဝန်ရုံးနောက်ပေါက်မှ ထွက်ခွာခဲ့သည်ဟု ဆိုသည်။ ၄င်းသည် ဆော်ဒီနိုင်ငံသား မူစတာဖါ အဲလ်မာဒါနီဖြစ်ပြီး ယင်းအဝတ်အစားနှင့်ပင် ၄င်းကို အစ္စတန်ဘူလ်မှ ကမ္ဘာကျော် အပြာရောင်ဗလီ၌ တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။ မာဒါနီသည် အသက် ၅၇ နှစ်ရှိပြီး ၄င်း၏အရပ်အမောင်းမှာလည်း ခါရှောဂီခန့်ပင်ဖြစ်သည်။
မာဒါနီသည် ခါရှောဂီထက်အရင် ကောင်စစ်ရုံးထဲ လေးနာရီခန့်စော၍ ဝင်ရောက်ခဲ့ကြောင်း၊ ၄င်းတွင် မုတ်ဆိတ်မရှိကြောင်း၊ ရုံးထဲမှ ပြန်ထွက်သွားချိန်တွင် ခါရှောဂီအဝတ်များဝတ်ဆင်လျက် လူစားထိုးဟန်ဆောင်သွားခြင်း ဖြစ်ကြောင်း လုံခြုံရေးကင်မရာပုံရိပ်များကို အခြေပြုလျက် တူရကီတို့က စွပ်စွဲလိုက်ခြင်းဖြစ်သည်။
အသက် ၅၉ နှစ်ရှိ ခါရှောဂီသည် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဆော်ဒီအာဏာပိုင်တို့က နောက်ဆုံး ထုတ်ဖော်ဝန်ခံထားသော်လည်း ၄င်း၏အလောင်း မည်သည့်နေရာတွင်ရှိကြောင်းမူ ပြောဆိုခြင်းမရှိသေးပေ။ တူရကီအရာရှိများက ခါရှောဂီသည် ကြိုတင်စီစဉ်သတ်ဖြတ်ခံရခြင်းဖြစ်ပြီး အလောင်းကို ကောင်စစ်ရုံးအပြင် သယ်ထုတ်ခဲ့ခြင်း ဖြစ်မည်ဟု အောက်တိုဘာ ၆ ရက်ကပင် ကောက်ချက်ချခဲ့ကြောင်းနှင့် ၄င်းကောက်ယူချက် မပြောင်းလဲကြောင်းလည်း ပြောဆိုခဲ့ကြသည်။

















