အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျွန်ဘိုလ်တန် မော်စကို၌ ရောက်ရှိ၊ တာလတ်ပစ်နျုလက်နက်အရေး ဆွေးနွေး

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျွန်ဘိုလ်တန် မော်စကို၌ ရောက်ရှိ၊ တာလတ်ပစ်နျုလက်နက်အရေး ဆွေးနွေး

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်သည် နှစ်ရက်တာခရီးစဉ်အဖြစ် မော်စကိုသို့ အောက်တိုဘာ ၂၂ ရက်၌ ရောက်ရှိခဲ့ပြီး ရုရှားထိပ်တန်းပုဂ္ဂိုလ်များနှင့် တာလတ်ပစ်နျူကလီးယားလက်နက်တားဆီးမှု စာချုပ်အရေး ဆွေးနွေးခဲ့သည်။

 ၁၉၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့ သဘောတူညီခဲ့သည့် တာလတ်ပစ် နျူကလီးယားလက်နက်များ ထိန်းချုပ်ရေးစာချုပ် (အိုင်အင်န်အက်စ်)ကို ရုရှားက ချိုးဖောက်နေပြီး အမေရိကန်သည် ယင်းသဘောတူစာချုပ်မှ နှုတ်ထွက်ရလိမ့်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာ ၂၀ ရက်က ပြောဆိုခဲ့သည်။ ယင်းစာချုပ်အရ အမေရိကန်နှင့် ရုရှားတို့သည် မိုင် ၃၀၀ မှ ၃၄၀၀ အထိ ပစ်ခတ်နိုင်သည့် မြေပြင်အခြေစိုက် ခရုဇ်ဒုံးကျည်များ ပိုင်ဆိုင်ခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် စမ်းသပ်ပျံသန်းခြင်းတို့ကို တားမြစ်ထားသည်။

  ကြိုတင်စီစဉ်ထားသည့် ဘိုလ်တန်ခရီးစဉ်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး နစ်ကိုလိုင် ပါထရူရှက်ဗ် အပါအဝင် ရုရှားထိပ်တန်းအရာရှိများနှင့်ဆွေးနွေးမည်ဖြစ်ပြီး ယခုအခါ သမ္မတ ပူတင်နှင့်တွေ့ဆုံရန်လည်း မျှော်လင့်ရသည်။ အမေရိကန်တို့ဘက်က ရှင်းပြသည်ကို နားထောင်လိုကြောင်း ရုရှားတို့ဘက်က ပြောဆိုခဲ့သည်။ 

 အိုင်အင်န်အက်စ်မှ နှုတ်ထွက်ရန် ဘိုလ်တန်က သမ္မတထရမ့်ကို အကြံပေးခဲ့ခြင်းဖြစ်ကြောင်း ဂါးဒီယန်းသတင်းက ရေးသားခဲ့သည်။ အိုင်အင်န်အက်စ်ကို ၁၉၇၅ ခုနှစ်က အမေရိကန်သမ္မတ ရော်နယ်ရီဂင်နှင့် ဆိုဗီယက်ကွန်မြူပါတီ အထွေထွေအတွင်းရေးမှူး မစ်ခေးလ် ဂေါ်ဘာချက်ဗ်တို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၂၁ ရက်တွင် ဂေါ်ဘာချက်ဗ်က စာချုပ်မှ အမေရိကန်တို့နှုတ်ထွက်မှုသည် နျူကလီးယားလက်နက်ဖျက်သိမ်းမှုအစား ဆန့်ကျင်ဖက် သက်ရောက်မှုသာ ရရှိလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 ရုရှားတို့သည် နေတိုးအဖွဲ့ဝင်နိုင်ငံများကို အချိန်တိုအတွင်း နျူကလီးယားလက်နက်တပ်ဆင်ပစ်ခတ်နိုင်သည့် နေတိုးအခေါ် SSC-8 သို့မဟုတ် Novator 9M729 တာတိုပစ်ဒုံးကျည်သစ်များကို တီထွင်ခဲ့ရာ ယင်းသည် အိုင်အင်န်အက်စ် စာချုပ်ကိုချိုးဖောက်ခြင်းဖြစ်ကြောင်း အမေရိကန်တို့က ပြောဆိုခဲ့သည်။