ပဲခူးမြို့ရှိ အရက်ဆိုင်တွင် အချင်းများခဲ့သည့်ကိစ္စမကျေနပ်ဖြစ်ကာ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူ ၂ ဦးကို သက်ဆိုင်ရာက စုံစမ်းလျက်ရှိကြောင်းသိရသည်။
အောက်တိုဘာ၂၂ရက် ည၈နာရီ ခွဲအချိန်ခန့်တွင် ပဲခူးမြို့ နန်းတော်ရာရပ်ကွက် မြွေဘုရားလမ်း လမ်းဘိလိယက်ခုံအနီးလမ်းမပေါ်၌ အသက် ၂၂ အရွယ် အမျိုးသားတစ်ဦးဓါးထိုးခံရကြောင်း သတင်းအရပဲခူးမြို့မစခန်းမှူး ဒုရဲမှူး နိုင်စိုး နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ သေဆုံးသူမှာနန်းတော်ရာရပ်ကွက်နေ ဇင်ပိုင်ဖြိုး (ခ)ကိုဇင် ၂၂နှစ် ဖြစ်ပြီး ဝဲဘက်လည်ပင်း ပြတ်ရှဒဏ်ရာ၊ မေးစေ့အောက်ပြတ်ရှခုတ်ရာတစ်ချက်၊ ဝဲဘက်ဒူးပွန်းခြစ်ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်။ သက်ဆိုင်ရာက ဆက်လက်ဖော်ထုတ်ခဲ့ရာ ရွှေဖယုံမယ် ၉ လမ်းနေ ဈေးရောင်းချသူ အေးထက်ဇော်(ခ) မက်မန်းသီး (၄၂)နှစ်၊ ရဲအောင်(ခ)ကျွဲကြီး(၁၉)နှစ်တို့နှင့် အရက်ဆိုင်တွင် အချင်းများခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ယင်းသို့ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
အေးထက်ဇော်နှင့် ရဲအောင်တို့မှာ အခင်းဖြစ်ပွားပြိးနောက် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် စစ်ဆေးနိုင်ရန် သက် ဆိုင်ရာကစုံစမ်းလျက်ရှိပြီးပဲခူးမြို့မရဲစခန်းက(ပ)၂၁၆၈/၁၈ရာဇသတ်ကြီးပုဒ်မ၃၀၂/၁၁၄အရအမှုဖွင့် အရေးယူထားသည်။


















