ဆေးကုသမှုအပြီး လူနာသေဆုံးခဲ့မှုနှင့်ပတ်သက်၍ တရုတ်တိုင်းရင်းဆေးဆရာကို ဖမ်းဆီး အရေးယူ

ဆေးကုသမှုအပြီး လူနာသေဆုံးခဲ့မှုနှင့်ပတ်သက်၍ တရုတ်တိုင်းရင်းဆေးဆရာကို ဖမ်းဆီး အရေးယူ

လားရှိုးမြို့နယ်၌ ဆေးကုသမှုအပြီးလူနာ သေဆုံးခဲ့မှုနှင့်ပတ်သက်၍ တရုတ်တိုင်းရင်းဆေး ဆရာတစ်ဦးကို သက်ဆိုင်ရာက အောက်တိုဘာ ၂၂ ရက်တွင် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီခွဲအချိန်က မူဆယ်မြို့ ပန်လုံရပ်ကွက်နေ အသက် ၆၂ နှစ်အရွယ် ဦးရွှေရင်သည် ယာခြေထောက် နာကျင်နေသဖြင့် လားရှိုးမြို့၊ ရပ်ကွက် (၁၂)ရှိ ယုံချမ်း ဆေးခန်းသို့ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ရင်လောက်ဟွာနှင့်အတူ သွားရောက်ပြသခဲ့သည်။

ထိုသို့ပြသစဉ် ရွှေလီတရုတ်တိုင်းရင်းဆေးဆရာ ဦးကျောက်ကျင်း ရှော်က သွေးပေါင်ချိန်တိုင်းပြီး အခန်းတစ်ခန်းအတွင်းသို့ ခေါ်သွားခဲ့ကြောင်း၊ ၅ မိနစ်ခန့် အကြာ ဦးရွှေရင်ထံမှ "နေလို့မရတော့ဘူး"ဟု အော်သည့် အသံကြားရ၍ ဇနီးဖြစ်သူမှ အခန်းအတွင်းသို့ ဝင်ရောက် ကြည့်ရှုခဲ့သည်။

ခင်ပွန်းဖြစ်သူ ဦးရွှေရင်မှာ လက်တွင် ပိုက်တန်းလန်းဖြင့် ဆေးပုလင်း ချိတ်လျှက် ခုတင်ပေါ်တွင် စကား မေးမရဘဲ ငြိမ်သက်နေသဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ၁၀ မိနစ်အကြာတွင် သေဆုံး သွားခဲ့သည်။

သက်ဆိုင်ရာ၏စစ်ဆေးချက်များအရ ဦးကျောက်ကျင်းရှော်သည် ဆေးကုသခွင့်လိုင်စင်မရှိကြောင်းသိရသဖြင့် လားရှိုး နယ်မြေရဲစခန်းက(ပ)၁၆၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ လည်းကောင်း၊ (ပ)၁၆၂/၁၈၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေပုဒ်မ ၅၈ အရ လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားပြီး လဝက ဥပဒေဖြင့်လည်း အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။