မြိတ်မြို့တွင် ငါးအမှုန့်ကြိတ်စက်ရုံများမှ အနံဆိုးများထွက်ရှိနေသည့်အတွက် အနီးပတ် ဝန်းကျင်ရှိ ပြည်သူများ ကျန်းမာရေးထိခိုက်မှု များကြုံတွေလျက်ရှိရာ သတ်မှတ်စည်းကမ်း မလိုက်နာသည့်စက်ရုံများအား ပိတ်သိမ်းသည် အထိ အရေးယူဆောင်ရွက်သွားမည်ဟုတနင်္သာ ရီတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက စက်ရုံတာဝန်ရှိသူများအား ပြီးခဲ့သည့်ရက်ပိုင်းက ခေါ်ယူသတိပေးခဲ့သည်။
"စစ်ဆေးတဲ့အကြိမ်လည်း တော်တော်များနေပြီ၊ အစိုးရကိုပဲ မထီလေးစားတာလား၊ ပြည်သူကိုပဲ ဂရုမစိုက်တာလား၊ နားမလည်တော့ဘူး။ မြိတ်မြို့မှာ လာလုပ်တဲ့လုပ်ငန်းကို အားလုံးကြိုဆိုပါတယ်။ ပြည်တွင်း ပြည်ပရင်းနှီးမြုပ်နှံမှု ဖိတ်ခေါ်နေတဲ့ အချိန်မှာ စက်ရုံတစ်ခုပိတ်လိုက်တယ်ဆိုတာ မဖြစ် စေချင်ပါဘူး။ ဒါ့အတွက် စောင့်ဆိုင်းလာတဲ့အတိုင်း အတာကလည်း ကျော်လွန်နေပြီဖြစ်တဲ့အတွက် စည်းကမ်းမလိုက်နာတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတွေကို ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်တော့ မယ်" ဟု ဝန်ကြီးက အောက်တိုဘာ ၁၇ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ပြောဆိုခဲ့သည်။
စက်မှုဇုန်
မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေး မြိုင်စက်မှုဇုန်တွင် ငါးအမှုန့်ကြိတ်စက်ရုံလေးရုံရှိပြီး၊ ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထော်-ပထက်ကျွန်းပေါ်၍ တစ်ရုံရှိကာ စုစုပေါင်းစက်ရုံ ငါးရုံရှိသည်။
မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက "ဝန်ကြီးက ပြတ်ပြတ်သားသား ပြောခဲ့ပြီးပါပြီ။ အစည်းအဝေးမှာ နောက်တစ်ကြိမ် အခုလိုမျိုး ဒီကုမ္ပဏီတွေနဲ့ ထပ်မလုပ်တော့ပါဘူး။ ပိတ်သိမ်းတဲ့အထိ အရေးယူမယ်ဆိုတာ ပြောထားပြီး သားပါ၊ ဒေသန္တရအမိန့်ထုတ်ပြန်ပြီး စည်ပင်ဥပဒေ အရ အရေးယူသွားတော့မှာပါ" ဟု ပြောဆိုသည်။
ထို့ပြင် အပြင် စည်/ကော်မှ ငါးမှုန့်အနံ့ဆိုး ကိစ္စနှင့် ပတ်သက်၍ စနစ်တကျမလုပ်ဆောင်ခြင်း၊ မလတ်ဆတ်သောငါးများအား ဝယ်ယူခြင်း၊ အနံ့ ဆိုးထွက်ရှိပြီး ချမှတ်ထားသည့် စည်းကမ်းကို မလိုက်နာသည့်စက်ရုံကို ဒေသန္တရအမိန့် (၁၈၈) အရ အရေးယူသွားမည့်အပြင်၊ ပတ်ဝန်းကျင်နေထိုင် သူများအတွက် ကျန်းမာရေးအန္တရာယ်ရှိပါက စည်ပင်သာယာ ရေးဥပဒေပုဒ်မ (၇၂) အရပါ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။
"အခုလက်ရှိကတော့ ကျွန်တော်တို့ စက်ရုံတွေ ဘက်က အနံ့ဆိုးနဲ့ပတ်သက်ပြီး၊ ခံဝန်လက်မှတ်တွေ ထိုးထားရပါတယ်။ ထပ်ပြီးအနံ့ တွေထွက်လာရင် တရားစွဲဆို၊ ထောင်ချတဲ့အထိ အချက်တွေ သတိ ပေးထားတယ်" ဟု အပြည်ပြည်ဆိုင်ရာ ထူးထူးတိုး ကုမ္ပဏီမှ တာဝန်ခံ မန်နေဂျာ ဦးအောင်အောင်မျိုးက ပြောဆိုသည်။
















