၂၀၁၈ဆူဇူကီးချန်ပီယံဖလား ဒုတိယမြောက်ခရီးအဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိ ပွဲပန်းမှုဒဏ်အတွက် ကစားသမားများ ပြင်ဆင်ထားရန်လိုဟု ဦးကိုကိုသိန်းဆို

၂၀၁၈ဆူဇူကီးချန်ပီယံဖလား ဒုတိယမြောက်ခရီးအဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိ ပွဲပန်းမှုဒဏ်အတွက် ကစားသမားများ ပြင်ဆင်ထားရန်လိုဟု ဦးကိုကိုသိန်းဆို

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၈ဆူဇူကီးဖလားပြိုင်ပွဲတွင် ချီးမြှင့်မည့် ချန်ပီယံဆုဖလားအား ဒေသတွင်းနိုင်ငံများတွင် လှည့်လည်ပြသလျက်ရှိရာ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၃ရက်တွင်ရောက်ရှိလာခဲ့ပြီး မြန်မာပလာဇာ၌ နံနက် ၁၀နာရီက မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

တက်ရောက်ခဲ့ကြ

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊မြန်မာနေရှင်နယ်လိဂ်စီအီးအို ဦးစိုးမိုးကျော်၊မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများဖြစ်သည့် ဦးမျိုလှိုင်းဝင်းနှင့် မစန်းစန်းမော်၊ဆူဇူကီး မော်တာကုမ္ပဏီ(မြန်မာ)မှ မန်နေဂျင်းဒါရိုက်တာ မစ္စတာ အာဆာနို နှင့်တာဝန်ရှိသူများ၊ ပံ့ပိုကူညီကြသူများ တက်ရောက်ခဲ့ကြသည်။

အထူးပင်ဂုဏ်ယူ

ထို့နောက် ဆူဇူကီးပြိုင်ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာများကို တင်ဆက်ပြသခဲ့ပြီး ဆူဇူကီး မော်တာကုမ္ပဏီ(မြန်မာ)မှ မန်နေဂျင်းဒါရိုက်တာ မစ္စတာ အာဆာနိုက ဆုဖလားခရီးစဉ်ကို မြန်မာနိုင်ငံ၌ ထပ်မံပြသခွင့်ရခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူကြောင်း ပြောဆိုခဲ့သည်။ ဆူဇူကီးမော်တာကုမ္ပဏီသည် အာဆီယံချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲကို တိုင်တယ်စပွန်ဆာအဖြစ် ခြောက်နှစ်ဆက်ပေးခဲ့သည်။

လှည့်လည်ပြသ

ဆူဇူကီးချန်ပီယံဖလားခရီးစဉ်ကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှ စတင်ခဲ့ပြီး ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၅ရက်အထိ ပြသမည်ဖြစ်သည်။ ထို့နောက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့များတွင်လည်း လှည့်လည်ပြသမည်ဖြစ်သည်။

အကောင်းဆုံးပံ့ပိုးကူညီ

အဆိုပါပွဲ၌ ဦးကိုကိုသိန်းက " ဒီနှစ်ပြိုင်ပွဲက အိမ်ကွင်း၊အဝေးကွင်းစနစ်နဲ့ ပြိုင်ရမှာဆိုတော့ အသင်းတွေက ခရီးပန်းမှုဒဏ်တွေ၊ ပွဲပန်းမှုဒဏ်တွေတော့ ကြုံတွေ့ရမှာပါ။ အဲဒါကြောင့်လည်း ဘောလုံးအဖွဲ့ချုပ်ဘက်က ခုကတည်းက အလေ့အကျင့်ရအောင် ပြင်ဆင်ပေးနေတယ်။ ကစားသမားတွေဘက်ကလည်း ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုအပ်ပါတယ်။ ဟု ဦးကိုကိုသိန်းက ပြောဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး