ဟောင်ကောင်၊ မကာအိုတို့နှင့် တရုတ်ပြည်မကြီးကို ဆက်သွယ်သည့် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူး တံတားသစ်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ဇူဟိုင်းမြို့တွင် ဒီဂျစ်တယ်မီးပန်းများဖြင့် ခမ်းနားစွာ ဖွင့်လှစ်ခဲ့သည့် ယင်းတံတားသစ်သည် ၅၅ ကီလိုမီတာ (၃၄ မိုင်)ရှည်လျားပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျခဲ့ကာ တည်ဆောက်ချိန် ဆယ်စုနှစ်တစ်ခုစာ ကြာမြင့်ခဲ့သည်။ ကုန်ကျစရိတ် များပြားခဲ့ပြီး တံတားပြီးစီးမည့်အချိန်ကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည်။ တံတားတွင် ရေအောက်တူးမြောင်းလည်း ပါဝင်ပြီး ယင်းမှတစ်ဆင့် သင်္ဘောများကို ပုလဲမြစ်ဝကျွန်းပေါ်သို့ ဖြတ်သန်းသွားလာနိုင်သည်။
ယင်းတံတားကြောင့် တရုတ်၏ မြစ်ဝကျွန်းပေါ်အား ဖြတ်သန်းသွားလာမှုကို နာရီပေါင်းများစွာမှ မိနစ် ၃၀ အထိ လျှော့ချနိုင်မည်ဖြစ်သည်။ အများပြည်သူကားများ ဖြတ်သန်းသွားလာခွင့်ကို အောက်တိုဘာ ၂၄ ရက်တွင် စတင်ခွင့်ပေးမည်ဖြစ်ပြီး ယာဉ်စည်းကမ်းများတင်းကျပ်ကာ ခွဲတမ်းစနစ်ဖြင့် ခွင့်ပြုသွားမည်ဖြစ်သည်။
ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးအကြား ဆက်သွယ်သည့် မြန်နှုန်းမြင့်ရထားလမ်းသစ်တည်ဆောက်ရန် ကတိပြုခဲ့ပြီးနောက်တစ်လအကြာတွင် ယခုတံတားသစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်မှ ဒီမိုကရက်တစ် နိုင်ငံရေးသမား ကလော်ဒီယာမိုက ဟောင်ကောင်နှင့်ပြည်မကြီးသည် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့ဖြင့် ဆက်သွယ်ထားပြီးဖြစ်ရာ ယခုတံတားသစ်သည် လက်တွေ့အသုံးဝင်မှုထက် နိုင်ငံရေးလက္ခဏာ ပိုဆောင်သည်ဟု ဝေဖန်ခဲ့သည်။
ဖွင့်ပွဲတက်ရောက်ခဲ့သည့် လေယာဉ်ပိုင်းလော့ လျူဂန်းကမူ တံတားသစ်သည် ပြည်မကြီးနှင့် ဟောင်ကောင်၊ မကာအိုတို့ နီးကပ်ချည်နှောင်မှု ပိုမိုတိုးတက်လာသည့်လက္ခဏာဖြစ်ကြောင်း ပြောဆိုခဲ့သည်။


















