အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျွန်ဘိုလ်တန်ကို တာလတ်ပစ်နျူလက်နက်အရေး ရုရှားသို့စေလွှတ်ထားသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားနှင့်တရုတ်ကိုဖိအားပေးရန်အတွက် နျူကလီးယားလက်နက်အစုအဝေးများ ပိုမို တည်ဆောက်ရေးအားပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ရုရှားသည် ၁၉၈၇ ခုနှစ် တာလတ်ပစ်နျူလက်နက်တားဆီးရေးစာချုပ်(အိုင်အင်န်အက်ဖ်)ကို ချိုးဖောက်ခဲ့ကြောင်း ထရမ့်ကစွပ်စွဲထားပြီး ယင်းစာချုပ်မှ အမေရိကန်ထွက်ခွာရန် ခြိမ်းခြောက်ထားသည်။ ရုရှားက စာချုပ်ချိုးဖောက်ခဲ့ခြင်းမရှိဟု ငြင်းဆိုထားသည်။ စစ်အေးခေတ်ကာလ ၁၉၈၇ သဘောတူညီချက်သည် ဥရောပနိုင်ငံများကို ဆိုဗီယက်ခြိမ်းခြောက်မှုကို လျှော့ချပေးခဲ့သည်။
အမေရိကန်၏ပြောဆိုချက်ကို ရုရှားကဝေဖန်ပြစ်တင်ခဲ့ပြီးနောက် ဂျွန်ဘိုလ်တန်သည် နှစ်ရက်တာခရီးစဉ်အဖြစ် မော်စကိုသို့ အောက်တိုဘာ ၂၂ ရက်၌ ရောက်ရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ထိပ်တန်းပုဂ္ဂိုလ်များနှင့် ဆွေးနွေးခဲ့သည်။ အိုင်အက်အက်ဖ်နှင့်ပတ်သက်သည့် အမေရိကန်၏မကျေနပ်ချက်များကိစ္စ အမေရိကန်နှင့် ဆွေးနွေး ဆောင်ရွက်ရန် အသင့်ရှိကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလိုင် ပါထရူရှက်ဗ်က ပြောဆိုခဲ့သည်။
ဘိုလ်တန်ခရီးအစမှာပင် မော်စကိုက နျူကလီးယားလက်နက်မျှခြေကို ထိန်းသိမ်းသည့်ခြေလှမ်းများ လိုက်ပါ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ ရုရှားတို့သည် နေတိုးအဖွဲ့ဝင်နိုင်ငံများကို အချိန်တိုအတွင်း နျူကလီးယားလက်နက်တပ်ဆင်ပစ်ခတ်နိုင်သည့် နေတိုးအခေါ် SSC-8 သို့မဟုတ် Novator 9M729 တာတိုပစ်ဒုံးကျည်သစ်များကို တီထွင်ခဲ့ရာ ယင်းသည် အိုင်အင်န်အက်စ် စာချုပ်ကိုချိုးဖောက်ခြင်းဖြစ်ကြောင်း အမေရိကန်တို့က ပြောဆိုခဲ့သည်။
အိုင်အင်န်အက်ဖ်မှနှုတ်ထွက်ရေး သမ္မတထရမ့်၏ပြောဆိုချက်အပေါ် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက စိတ်မကောင်းစရာဟု ပြောဆိုခဲပြီး ယင်းစာချုပ်သည် အလွန်အရေးကြီးကြောင်း၊ အထူးသဖြင့် ဥရောပအတွက် အရေးကြီးကြောင်း ပြောဆိုခဲ့သည်။ သို့သော် တရုတ်သည် အိုင်အင်န်အက်ဖ်တွင် မပါဝင်သည့်အတွက် နျူကလီးယားလက်နက်များ ခေတ်မီဖွံ့ဖြိုးရန် အကန့်အသတ်မဲ့ ဆောင်ရွက်ခွင့်ရှိနေရာ ယင်းစာချုပ်တည်မြဲခြင်းက တရုတ်အတွက်အကျိုးရှိစေသည်ဟု ရှုမြင်မှုများလည်း ရှိနေကြောင်း သိရသည်။

















