အီရတ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံထားရသည့် အက်ဘ်ဒယ် အက်ဘ်ဒူ-မာဒီက ဝန်ကြီးဌာန ၂၂ ခုတို့တွင် တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ကြီးနေရာများကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားခွင့်ပြုလိုက်ပြီဖြစ်သည်။
ဝန်ကြီးချုပ်က လျှောက်ထားခွင့်ပြုလိုုက်ပြီးနောက် ရက်အနည်းငယ်အကြာမှာပင် လျှောက်ထားသူ ၁၅၀ဝ၀ ကျော်ရှိခဲ့ပြီး လူ ၆၀၁ ဦးကို တွေ့ဆုံမေးမြန်းရန် စီစဉ်လိုက်ပြီဖြစ်ကြောင်း ဒေသခံမီဒီယာများကဖော်ပြခဲ့သည်။ အီရတ်ရှိ နိုင်ငံရေးပါတီများတွင် ကိုယ်ပိုင်လက်နက်ကိုင်တပ်များရှိနေပြီး ၎င်းတို့လိုလားသော ဝန်ကြီးရာထူးများကိုမရရှိပါက အီရတ်၏တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးထားသည်။
အက်ဘ်ဒူ-မာဒီသည် ဝန်ကြီးအဖြစ်ခန့်အပ်ရာတွင် ကိုယ်နှင့်နီးစပ်သူများကိုသာ ခန့်အပ်တတ်သည့် ဓလေ့ကို ဖျက်ဆီးလို၍ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားခိုင်းလိုက်ခြင်းဖြစ်သည်။ သို့သော် နိုင်ငံရေးတွင် အတွေ့အကြုံမရှိသူများအား အဆင့်မြင့်ရာထူးများခန့်အပ်မှုကြောင့် အကျိုးရှိမရှိကို မေးခွန်းထုတ်မှုများရှိနေသည်။
အက်ဘ်ဒူ-မာဒီသည် ဝန်ကြီးနေရာခန့်အပ်မှုများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမပြုသေးချေ။ ဥပဒေအရ အက်ဘ်ဒူ-မာဒီသည် နိုဝင်ဘာ ၂ ရက်နောက်ဆုံးထားပြီး ခန့်အပ်ရမည်ဖြစ်သလို ယင်းရက်မတိုင်မီတွင်လည်း ခန့်အပ်ထားသည့် ဝန်ကြီးများကို လွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သည်။ ယခုအပတ်အတွင်း ဝန်ကြီးနေရာ ၁၅ နေရာကို ခန့်အပ်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ အယ်လ်-ဆာဘားက အောက်တိုဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
အီရတ်နိုင်ငံသားများသည် အကျင့်ပျက်ခြစားမှုများထူပြောနေသည့် အီရတ်နိုင်ငံရေးနှင့်ပတ်သက်၍ စိတ်ပျက်နေကြပြီဖြစ်ည်။ မေတွင် ပြုလုပ်ခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲတွင် မဲပေးသူ ၄၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး နိုင်ငံသားမျာသည် နာမည်ကျော် ဘာသာရေးဆရာ မူခ်တာကာ အယ်လ်-ဆာဒါးက တင်ပြသည့် စာရင်းပါ နိုင်ငံရေးသမားများကိုသာ အဓိကမဲပေးခဲ့ကြသည်။ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သည့် ပညာတတ်များသာပါဝင်သော အစိုးရအဖွဲ့ဖြစ်စေရမည်ဖြစ်ကြောင်း အယ်လ်-ဆာဒါးကပြောဆိုခဲ့သည်။
ပြည်ပတွင် တိမ်းရှောင်နေရာမှ မိခင်နိုင်ငံသို့ ပြန်လာခဲ့သည့် ၂၀ဝ၃ ခုနှစ်မှစ၍ ဘောဂဗေဒပညာရှင် အက်ဘ်ဒူ-မာဒီသည် ရေနံဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနှင့် ဒုတိယသမ္မတတို့အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေးပါတီများနှင့်ပတ်သက်သူမဟုတ်သူဖြစ်ကြောင်း သတ်မှတ်ခံခဲ့ရသည်။ အက်ဘ်ဒူ-မာဒီသည် ၁၂ နှစ်တာကာလအတွင်း ဒါဝါပါတီဝင်မဟုတ်သည့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်သည်။ ပါတီသည် အီရတ်ရှိ ပြည်သူ့ဝန်ထမ်းစနစ်ပျက်စီးပြီး ပြည်သူ့စစ်များအင်အားကြီးလာမှုကို ထိန်းချုပ်နိုင်ခြင်းမရှိမှုကြောင့် အပြစ်တင်ခံခဲ့ရသည်။
အွန်လိုင်းတစ်ဆင့် ဝန်ကြီးနေရာလျှောက်ထားခွင့်ပေးလိုက်ခြင်းသည် အီရတ်နိုင်ငံသားများကို ကိုယ်စားပြုရန် ပျက်ကွက်ခဲ့သည့် နိုင်ငံရေးပါတီများကိုထိုးနှက်ချက်သာဖြစ်ကြောင်း အငြိမ်းစားအစိုးရဝန်ထမ်း အလာ ခူဒါကပြောဆိုခဲ့သည်။

















