နှစ်နိုင်ငံနယ်စပ် ငြိမ်းချမ်းရေးကျေးရွာ ပန်မွန်ဂျွန်ရှိ လက်နက်ကြီးများနှင့် ကင်းစခန်းများကို ဖယ်ရှားရန် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ အောက်တိုဘာ ၂၂ ရက်တွင် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။
ပူးတွဲလုံခြုံရေးနေရာ( ဂျေအက်စ်အေ) ဟု သိကြသည့် ပန်မွန်ဂျွန်သည် နယ်စပ်တစ်လျှောက် ကိုရီးယားနှစ်နိုင်ငံရှိ တပ်များ မျက်နှာချင်းဆိုင်တွေ့ဆုံသည့် တစ်ခုတည်းသော နေရာဖြစ်သည်။ နှစ်နိုင်ငံကြားရှိ တင်းမာမှုများကိုလျှော့ချနိ်ုင်ရေး လက်နက်များကို ဖယ်ရှားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ယခုလအစောပိုင်းတွင် နှစ်နိုင်ငံရှိ တပ်များသည် နယ်စပ်တစ်လျှောက်တွင် မြှုပ်ထားသည့် မြေမြှုပ်မိုင်း ၈၀ဝ၀ဝ၀ ခန့်ကို စတင်ဖယ်ရှားခဲ့သည်။ ကိုရီးယားနှစ်နိုင်ငံနှင့် အမေရိကန်ဦးဆောင်သော ကုလသမဂ္ဂကြပ်မတ်ရေးအဖွဲ့( ယူအင်န်စီ) တို့သည် ဂျေအက်စ်အေရှိ လက်နက်များနှင့် ကင်းစခန်းများကို အောက်တိုဘာ ၂၅ ရက်နောက်ဆုံးထားပြီး ဖယ်ရှားကာ ယင်းနောက် နှစ်ရက်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်းသုံးခုသည် ပူးတွဲစစ်ဆေးသက်သေပြမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
နယ်စပ်တစ်လျှောက်ရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ရုရှားသို့ အောက်တိုဘာ ၂၂ ရက်တွင် ထွက်ခွာသွားပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားသို့ ယခုလအနှောင်းပိုင်းသို့မဟုတ် လာမည့်လအစောပိုင်းတွင် သွားရောက်နိုင်ကြောင်း ခန့်မှန်းမှုများရှိနေသည်။
အောက်တိုဘာ ၂၂ ရက် အစည်းအဝေးသည် ကိုရီးယားနှစ်နိုင်ငံနှင့် ကုလတို့ပါဝင်သည့် သုံးပွင့်ဆိ်ုင် ဂျေအက်စ်အေကော်မရှင်၏ဒုတိယမြောက်အစည်းအဝေးဖြစ်သည်။ ပန်မွန်ဂျွန်ကျေးရွာသည် ကိုရီးယားနှစ်နိုင်ငံရှိ ထိပ်သီးအစည်းအဝေးများပြုလုပ်ရာနေရာတစ်ခုဖြစ်ခဲ့သည်။ ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များသည် ယင်းကျေးရွာ၌ ယခုနှစ်အတွင်း နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သည်။
သို့သော် ယင်းနေရာသည် လက်နက်ကိုင်ထိပ်တိုက်ဆုံမှုများ မကြာခဏဖြစ်ပွားရာနေရာလည်းဖြစ်ခဲ့သည်။ ယမန်နှစ်ဒီဇင်ဘာတွင် မြောက်ကိုရီးယားစစ်သည်တစ်ဦး တောင်ကိုရီးယားဘက်သို့ ထွက်ပြေးစဉ် မြောက်ကိုရီးယားစစ်သည်များ၏ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည်။

















