ယီမင်ရှိ လူ ၈ သန်းကျော် အရေးပေါ်အစားအစာအကူအညီလိုအပ်နေ

ယီမင်ရှိ လူ ၈ သန်းကျော် အရေးပေါ်အစားအစာအကူအညီလိုအပ်နေ

ယီမင်၌ ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် လူ ၈ ဒသမ ၄ သန်းခန့်သည် အရေးပေါ်အစားအစာအကူအညီအပေါ် မှီခိုနေရပြီး လူဦးရေ ၂၂ သန်းအနက် ၇၅ ရာခိုင်နှုန်းသည် အကူအညီတစ်မျိုးမဟုတ်တစ်မျိုးကို လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားအကူအညီပေးရေးဆိုင်ရာဌာန၏အကြီးအကဲ မာ့ခ် လိုကော့ခ်က အောက်တိုဘာ ၂၂ ရက်အနှောင်းပိုင်းတွင်ပြောဆိုခဲ့သည်။

လာမည့်လများအတွင်း လူ ၃ ဒသမ ၅ သန်းမှ ၄ သန်းအထိ အစားအစာလိုအပ်နေမည်ဖြစ်ကြောင်း လိုကော့ခ်က ပြောဆိုခဲ့သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဒသမ ၁ သန်းနှင့် ကလေးငယ် ၄၀ဝ၀ဝ၀ ကျော်အပါအဝင် ယီမင်နိုင်ငံသား ၃ သန်းမှာ အာဟာရပြတ်လပ်နေကြောင်း ကုလ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။

လက်ရှိနှုန်းအတိုင်းသာဆက်လက်ရှိနေမည်ဆိုပါက အစားအစာလိုအပ်ချက်သည် ၆၂ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ခြေရှိနေကြောင်း လိုကော့ခ်ကပြောဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဟိုသီရှိီယိုက်သူပုန်များက မြို့တော် ဆာနာကို သိမ်းပိုက်ပြီး နိုင်ငံတကာက အသိအမှတ်ပြုထားသည့် အစိုးရကိုဖြုတ်ချခဲ့ပြီးနောက် ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်နိ်ုင်ငံများသည် ဟိုသီသူပုန်များကို လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့သည်။

ပဋိပက္ခဒဏ်ကို အရပ်သားများ အဓိကခံစားခဲ့ရပြီး လူ ၁၀ဝ၀ဝ ကျော်သေဆုံးခဲ့ပြီးဖြစ်ကာ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းတို့ရှိလာခဲ့သည်။ ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ကုလသမဂ္ဂနှင့် ပရဟိတအဖွဲ့များသည် အငတ်ဘေးကြုံနေရသည့် ယီမင်နိုင်ငံသား ၃ သန်းခန့်ကို အကူအညီများပေါ်နိုင်ခဲ့သည်။ သို့သော် ယင်းအချိန်မှစ၍ အကူအညီများကို တိုးမြှင့်ခဲ့ရာ အလှူရှင်များ၏ တိုးမြှင့်လှူဒါန်းမှုများကြောင့် လွန်ခဲ့သောလတွင် လူ ၈ သန်းအား အကူအညီပေးနိုင်ခဲ့သည်။

အကူအညီပေးသည့် အဖွဲ့များကို ပိုမိုဝင်ရောက်ခွင့်ပေးရန် လိုကော့ခ်က လက်နက်ကိုင်တပ်ဖွဲ့များအား တိုက်တွန်းထားသည်။ ယီမင်ရှိ အငတ်ဘေးပြဿနာကိုဖြေရှင်းမှု မအောင်မြင်ခဲ့သောကြောင့် လာမည့် ရက်သတ္တပတ်များတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများပိုမိုဆိုးရွားတော့မည်ဖြစ်ကြောင်း လိုကော့ခ်က စက်တင်ဘာ ၂၁ ရက်တွင်ပြောဆိုခဲ့သည်။