ခါရှောဂီသေဆုံးမှု အမှန်တရား ပေါ်ပေါက်စေရမည်ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဆို တူရကီသမ္မတကလည်း ခါရှောဂီ သတ်ဖြတ်ခံရမှု အသေးစိတ် ထုတ်ပြန်မည်ဟုပြော

ခါရှောဂီသေဆုံးမှု အမှန်တရား ပေါ်ပေါက်စေရမည်ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဆို တူရကီသမ္မတကလည်း ခါရှောဂီ သတ်ဖြတ်ခံရမှု အသေးစိတ် ထုတ်ပြန်မည်ဟုပြော

ဆော်ဒီသတင်းသမား ဂျမဲ ခါရှောဂီ သေဆုံးမှုနှင့် ပတ်သက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် အမှန်တရား ပေါ်ပေါက်စေရမည်ဖြစ်ကြောင်း ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက ကတိပေး ပြောကြားလိုက်သည်။

ယခုလို အဖြစ်ဆိုးမျိုး နောင်တွင် ထပ်မံဖြစ်ပွားခြင်းမရှိစေရန် ကြိုတင်ကာကွယ် အစီအစဉ်များလည်း ချမှတ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အဒဲ အယ်လ်-ဂျူဘာက ပြောသည်။ တူရကီ သမ္မတ ရီဆပ်တေရစ် အာဒိုဂန်ကလည်း အစ္စတန်ဘူလ်မြို့ ဆော်ဒီ ကောင်စစ်ဝန်ရုံးတွင် ဆော်ဒီ သတင်းသမား ခါရှောဂီ သတ်ဖြတ်ခံရမှု အသေးစိတ် စုံစမ်းစစ်ဆေးချက်များကို ထုတ်ပြန်အသိပေးမည်ဟု ကြေညာထားသည်။

အောက်တိုဘာ ၂ ရက်က ဆော်ဒီ ကောင်စစ်ဝန်ရုံးတွင်း ဝင်ရောက်သွားပြီး နောက်ပိုင်းကစကာ ခါရှောဂီသည် အစပျောက်နေခဲ့ပြီး ဆော်ဒီ အစိုးရက ကြေးစားတပ်ဖွဲ့စေလွှတ်ကာ လုပ်ကြံခဲ့ကြောင်း တူရကီကာ စွပ်စွဲထားကာ၊ ဆော်ဒီကမူ ငြင်းဆိုထားသည်။ ဆော်ဒီသည် ခါရှောဂီ ပျောက်ဆုံးနေမှုကို အစောပိုင်းတွင် မသိကြောင်း ငြင်းဆိုနေခဲ့ပြီး နောက်ပိုင်းတွင်မှ ကောင်စစ်ဝန်ရုံးတွင်း ရန်ဖြစ်ကာ သေဆုံးခြင်းဖြစ်ကြောင်း ပြောင်းလဲ ထုတ်ပြန်ခဲ့သည်။

တူရကီကမူ ဆော်ဒီ အစိုးရက စေလွှတ်သော ကြေးစား ၁၅ ဦးပါသော အဖွဲ့ဖြင့် အသက် ၅၉ နှစ်အရွယ် ခါရှောဂီကို ကောင်စစ်ဝန်ရုံးအတွင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

ခါရှောဂီ သေဆုံးမှုနှင့် ဆက်စပ်သူ ၁၈ ဦးကို ဖမ်းဆီးထားပြီးဖြစ်သလို၊ ထောက်လှမ်းရေး အရာရှိ အများအပြားကိုလည်း ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ဆော်ဒီက ကြေညာခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ဆော်ဒီ အိမ်ရှေ့စံ မိုဟမ္မဒ် ဘင် ဆယ်လ်မန်ပေါ် ပုံကျမည့် အပြစ်များကို အခြားသူများထံ လွှဲချခြင်းဖြစ်သည်ဟု ဝေဖန်လျက်ရှိသည်။

ခါရှောဂီအား သတ်ဖြတ်ခဲ့သူများဟု တူရကီတို့က သံသယရှိသည့် ဆော်ဒီ ၁၅ ဦးထဲမှ တစ်ဦးသည် အောက်တိုဘာလ ၂ ရက်တွင် ခါရှောဂီအသတ်ခံရပြီးနောက် ၄င်း၏အဝတ်အစားများဝတ်ဆင်လျက် အစ္စတန်ဘူလ်တခွင် သွားလာခဲ့ကြောင်း ဗွီဒီယိုပုံရိပ်များရှိသည်ဟုလည်း သိရသည်။