ထိုင်ဝမ် (တရုတ်တိုင်ပေ) တွင် အောက်တိုဘာ ၂၁ ရက်က ရထားမှောက်မှုကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ရမှုတွင် သတ်မှတ်မြန်နှုန်းထက် ပိုကောင်းခြင်းသည် အဓိကလက်သည်ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်ပြောကြားသည်။
ရထားသည် လမ်းကွေ့တွင် သတ်မှတ်မြန်နှုန်းထက် နှစ်ဆနီးပါးပိုမြန်ကာ တစ်နာရီ ၁၄၀ ကီလိုမီတာဖြင့် မောင်းနှင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု အစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာက ဖော်ပြသည်။ ရထားမောင်းသူကို လုပ်ငန်းတာဝန် ပေါ့လျော့မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။
လမ်းကွေ့တွင် ရထားကို အလိုလျောက် ဘရိတ်အုပ် အရှိန်လျှော့ပေးသည့်စနစ်ကို ရထားမောင်းသူက တမင် ပိတ်ထားခဲ့ခြင်းကြောင့် ရထားသည် အရှိန်မလျော့ဘဲ လမ်းကွေ့တွင် လမ်းချော်တိမ်းမှောက်ခဲ့ခြင်း ဟုတ်မဟုတ်ကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်။ ထို့အပြင် ရထား အလိုလျောက် ဘရိတ်စနစ်အပါအဝင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ ရှိ မရှိကိုလည်း စစ်ဆေးအဖြေရှာလျက်ရှိသည်။
တရုတ်တိုင်ပေ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပူရူမာ ရထားလိုင်းကို ဂျပန်နည်းပညာဖြင့် တည်ဆောက်ကာ လွန်ခဲ့သော ခြောက်နှစ်က စတင်အသုံးပြုခဲ့သည်။ လမ်းဖြောင့်တွင် တစ်နာရီ ၁၅၀ ကီလိုမီတာနှုန်းဖြင့်သွားရန် ဒီဇိုင်းဆွဲ တည်ဆောက်ထားသည်။ တိမ်းမှောက်ခဲ့သည့် ရထားပေါ်တွင် ခရီးသည် ၃၆၀ ကျော် လိုက်ပါလာပြီး ၁၈၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
အောက်တိုဘာ ၂၁ ရက် ရထားမှောက်မှုသည် တရုတ်တိုင်ပေတွင် ၁၉၉၁ ခုနှစ်က လူ ၃၀ သေဆုံးခဲ့ရသော ရထားမှောက်မှုပြီးလျှင် ဒုတိယ လူသေဆုံးမှု အများဆုံး ရထားလမ်းချော်တိမ်းမှောက်မှုလည်း ဖြစ်သည်။

















