ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်ဖြစ်သောတောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များဝင်ရောက်မှု များပြားခြင်းကြောင့် ယာဉ်ကြောကြပ်တည်းမှု မဖြစ်ပေါ်စေရေးအတွက် ပွဲတော်ကျင်းပနေစဉ် ကာလအတွင်းနေ့စဉ် ညနေ ၄ နာရီမှ နံနက် ၆ နာရီအထိကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင် ယာဉ်ကြီးများ မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်းသိရသည်။
“ ပွဲတော် ကျင်းပနေစဉ် ညနေ ၄ နာရီကနေမနက် ၆ နာရီအထိ မြို့ပေါ်မဖြတ်ဖို့ ယာဉ်လိုင်းတွေကိုညွှန်ကြားထားပါတယ်။ အေးသာယာကထွက်တဲ့ လိုင်းတွေကတော့ ပုံမှန်ထွက်နေမှာပါ အဓိကကတော့ ဟိုပုံး၊ လွိုင်လင်ဘက်ကထွက်လာတဲ့လိုင်းတွေ တောင်ကြီးမြို့ပေါ်ကို ဖြတ်တဲ့အခါ ယာဉ်ကြော မရှုပ်ထွေးစေဖို့အတွက် အချိန်စောပြီးထွက်ဖို့ စာထုတ်သွားမှာပါ။ တခြားမြို့က လာတဲ့ ဘုရားဖူးဧည့်သည် ကားတွေကတော့ မသိကြတော့ အဆင်ပြေသလိုဝင်လာတာတွေ၊ ရပ်ကြတာရှိပါတယ်။ အဲဒါကိုတော့ သက်ဆိုင်ရာယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအဖွဲ့တွေကလမ်းညွှန်ပေးကြမှာဖြစ်ပါတယ်။ အဲဒီလိုမသိလို့ ဝင်လာတဲ့ ကားတွေကိုတော့ အရေးယူသွားဖို့ မရှိပါဘူး။ လမ်းညွှန်ပေးရုံလောက်ပါပဲ။ ပွဲတော်ကာလအတွင်းမှာယာဉ်ကြောမရှုပ်ထွေးစေဖို့အတွက် ယာဉ်လိုင်းတွေကိုပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟုရှမ်းပြည်နယ် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်နိုင်ကပြောသည်။
ထို့အပြင် အခြားဒေသမှ ခရီးသွားဧည့်သည် ယာဉ်များလာရောက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လမ်းညွှန်ဆိုင်းဘုတ်များကိုလည်းတပ်ဆင်ပေးသွားရန် ရှိသည်ဟုသိရသည်။ .
“ပွဲတော်ကာလအတွင်းယာဉ်ကြောကြပ်တည်းတယ် ဆိုတာကလည်းယာဉ်မရပ်ရနေရာတွေမှာပိတ်ပြီးရပ်တာတွေကြောင့်ရယ်၊ ကားကြီးတွေ ဝင်လာတာကြောင့်ရယ်ပါ။ ကားကြီးတွေကိုပွဲကျင်းပနေချိန်အတွင်းမှာဝင်ခွင့်မပေးဘူးဆိုတာကောင်းပါတယ်။ ဒါပေမဲ့ တခြားဒေသကနေအုပ်စုလိုက် လာကြတဲ့ ဘုရားဖူးဧည့်သည်တွေ အတွက်ကတော့ နည်းနည်းအခက်အခဲဖြစ်သွားမှာပေါ့။ ဒါကိုလည်းဧည့်သည်တွေသိအောင် အသိပေးလမ်းညွှန်တာမျိုးတွေ စနစ်တကျ လုပ်ဆောင်သွားဖို့ လိုပါမယ်”ဟုတောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သောတောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကိုယခုနှစ် နိုဝင်ဘာလ ၁၄ ရက်မှ ၂၃ ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးပွဲတော်အတွင်းမီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ၊ မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်ပူဇော်ပွဲ၊ မသိုသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ၊ မီးပဒေသာလှည့်လည်ပူဇော်ပြိုင်ပွဲများအပြင် ဖွင့်ပွဲ/ပိတ်ပွဲတေးသီချင်းပြိုင်ပွံ၊ ဓါတ်ပုံပြိုင်ပွဲ၊ စာပေဆိုင်ရာပြိုင်ပွဲများကိုထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
















