စာသင်ကျောင်း အပါအဝင် အများနှင့်သက်ဆိုင်သော အဆောက်အအုံများ၌ မသန်စွမ်းများအတွက် လမ်းများ ထည့်သွင်း တည်ဆောက်မည်

စာသင်ကျောင်း အပါအဝင် အများနှင့်သက်ဆိုင်သော အဆောက်အအုံများ၌ မသန်စွမ်းများအတွက် လမ်းများ ထည့်သွင်း တည်ဆောက်မည်

တနင်္သာရီတိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း တည်ဆောက်မည့် အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ လမ်းများနှင့် အပန်းဖြေရာနေရာများတွင် မသန်စွမ်းများ အသုံးပြုနိုင်မည့် လမ်းနှင့် အမှတ်အသားများ ထည့်သွင်းတည်ဆောက်ရန် အောက်တိုဘာလဆန်းက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားလိုက်သည်။

စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ အဆောက်အအုံဦးစီးဌာနနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တို့ကို ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

ယခုဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်မည့် အဆောက်အအုံနှင့် လမ်းများတွင် မသန်စွမ်းများ အသုံးပြုနိုင်မည့် မျက်မမြင်နှင့် ဝှီးချဲသွားလာနိုင်မည့် လျှောက်လမ်းများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ဆိုသည်။

မသန်စွမ်းများအတွက် လျှောက်လမ်းများ ထည့်သွင်းတည်ဆောက်မည်ဆိုပါက အဆင်ပြေသော်လည်း သီးခြားလမ်းအနေဖြင့် လုပ်ပေးမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ်ရှိ မသန်စွမ်း အမျိုးသားတစ်ဦးက ဆိုသည်။

“မသန်စွမ်းတွေ အသုံးပြုနိုင်အောင်ဆို သီးသန့် တစ်လမ်းတော့ လုပ်ပေးမှ အဆင်ပြေမယ်၊ (သာမန်လူများ သွားလာနိုင်သည့်လမ်းနဲ့) ရောပြီး လုပ်ပေးရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး၊ မသန်စွမ်းတွေ သွားလာဖို့ ခက်ခဲနေမှာ”ဟု အဆိုပါ အမျိုးသားက ပြောသည်။

လက်ရှိအဆင့်မြှင့်နေသည့် ထားဝယ်မြို့ ကမ်းနားလမ်းတွင်လည်း မသန်စွမ်းများ အသုံးပြုနိုင်မည့် လမ်းတစ်လမ်း ထည့်သွင်း တည်ဆောက်ရေးအတွက် ဘတ်ဂျက်ရေးဆွဲရာတွင် တောင်းဆိုထားပြီး လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်နိုင် မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး