ချမ်းအေးသာစံမြို့နယ်တွင် မီးလောင် အသက် ၆၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံး

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင် အသက် ၆၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်တွင် အောက်တိုဘာ ၂၄ ရက် (ယနေ့) နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အသက် ၆၇ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီ ၅၅ မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက် ၂၇၊ ၂၈ လမ်းကြား အမှတ် ၈၀၆၊ ၆၂၊ ၆၃ လမ်းကြား မြနန္ဒာလမ်းသွယ်တွင် ရေနွေးအိုးကတစ်ဆင့် အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက Level 2 သတ်မှတ်ခဲ့ပြီး စုံစမ်းချက်အရ အိမ်ပိုင်ရှင်ဖြစ်သူ အသက် ၆၇ နှစ်အရွယ်ရှိ ဒေါ်တင်မြင့် (ခ) ဒေါ်တင်တင်မြင့် ၏ တစ်ထပ်ပျဉ်ထောင်အိမ် မီးဖိုခန်းအတွင်း လျှပ်စစ်ကွိုင်ဖြင့် ရေနွေးအိုးတည်ခဲ့ပြီး ၎င်းမှာ အိပ်ခန်းအတွင်း အိပ်ပျော်သွားစဉ် အပူရှိန်လွန်ကဲကာ အနီးရှိ ပျဉ်ကာကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့၏ ကြေးနန်းစာတွင် ဖော်ပြသည်။

မီးလောင်မှုအတွင်း သေဆုံးခဲ့သည့် အမျိုးသမီးမှာ သမိုင်းဌာန ကထိက (ငြိမ်း) ဖြစ်ကြောင်းလည်း သိရသည်။

"မီးက ၇ နာရီ ၁၅ မှာ လုံး၀ငြိမ်းသွားတယ်။ သေတဲ့သူက မီးခိုးမွှန် ဒဏ်ရာနဲ့ သေဆုံးသွားတယ်"မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးသတ်အရာရှိတစ်ဦးက ပြောသည်။ အဆိုပါအမှုနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့မရဲစခန်းက (ပ)၇၀၈/၁၈၊ ရာဇသတ်ကြီးဉပဒေပုဒ်မ ၂၈၅/၃၀၄-က အရ အမှုဖွင့် အရေးယူထားသည်။