အနောက်ဘက်ကမ်းခြေနှင့် ဂါဇာတို့ရှိ ပါလက်စတိုင်းစင်ပြိုင်အစိုးရနှစ်ရပ်သည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများနှင့် နိုင်ငံရေးအတိုက်အခံများကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့အပါအဝင် နည်းလမ်းမျိုးစုံဖြင့် နှိပ်ကွပ်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့( HRW )က အောက်တိုဘာ ၂၃ ရက်တွင်ပြောဆိုခဲ့သည်။
HRW သည် အဖမ်းခံခဲ့ရဖူးသူများအပါအဝင် လူ ၁၅၀ ခန့်တို့အား တွေ့ဆုံမေးမြန်းမှုများအပါအဝင် နှစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အနောက်ဘက်ကမ်းခြေရှိ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ဂါဇာရှိ ဟားမာ့စ်စစ်သွေးကြွအဖွဲ့တို့သည် အတိုက်အခံများကို နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်နေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
နှိပ်စက်ညှဉ်းပန်းသည့် နည်းလမ်းကိုသုံးပြီး အတိုက်အခံများအား ဖိနှိပ်ခြင်းသည် ကုလသမဂ္ဂ၏ နှိပ်စက်ညှဉ်းပန်းမှုဆန့်ကျင်ရေးကွန်ဗင်းရှင်းအရ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း၊ ယင်းကြောင့် အလှူရှင်နိုင်ငံများအနေဖြင့် ပါလက်စတိုင်းလက်နက်ကိုင်တပ်ဖွဲ့များအား အကူအညီပေးနေခြင်းကို ရပ်ဆိုင်းသင့်ကြောင်း HRW ကပြောဆိုခဲ့သည်။
ပါလက်စတိုင်းကို ကုလသမဂ္ဂတွင် အဖွဲ့ဝင်မဟုတ်သော နိုင်ငံဖြစ်လက်ခံလိုက်ပြီးနောက် ပါလက်စတိုင်းသမ္မတမာမွတ်အက်ဘာစ်ဦးဆောင်သော အစိုးရသည် ကွန်ဗင်းရှင်းတွင်ပါဝင်လာခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များသည် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာတို့တွင် အာဏာအကန့်အသတ်ဖြင့်ရရှိခဲ့သော်လည်း ရရှိထားသည့် အာဏာအလျောက် ဖိနှိပ်မှုများကိုပြုလုပ်ခဲ့ကြောင်း HRW ၏ လက်ထောက်အစီအစဉ်ဒါရိုက်တာ တွမ် ပေါ်တီယပ်စ်ကပြောဆိုခဲ့သည်။
ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သည် လူမှုမီဒီယာတွင် ရေးသားမှုဖြင့် တက္ကသိုလ်ကျောင်းသား ၆၅ ဦးနှင့် ဂျာနယ်လစ်နှစ်ဦးတို့အပါအဝင် ပါလက်စတိုင်းသား ၂၂၀ ဦးတို့အား တရားစွဲဆိုမှု၊ ရုံးတင်စစ်ဆေးမှုမပြုဘဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း HRW ၏ အစ္စရေးနှင့် ပါလက်စတိုင်းနယ်မြေများဆိုင်ရာ ဒါရိုက်တာ အိုမာ ရှာကီကပြောဆိုခဲ့သည်။ ဂါဇာရှိ ဟားမာ့စ်အာဏာပိုင်များသည် လူမှုမီဒီယာတွင် ရေးသားဖော်ပြမှုဖြင့် ၄၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ဟားမာ့စ်က ဂါဇာကမ်းမြောင်ဒေသကို အက်ဘာ့စ်ကိုသစ္စာခံသူများလက်ထဲမှ သိမ်းယူခဲ့သည့် ၂၀ဝ၇ ခုနှစ်မှစ၍ ပါလက်စတိုင်းအစိုးရနှစ်ဖွဲ့ကွဲသွားခဲ့ခြင်းဖြစ်သည်။

















