လူသားမစင်များထဲတွင် ပလတ်စတစ်မှုန်များတွေ့ရှိခဲ့ကြောင်း လေ့လာမှုဖော်ပြ

လူသားမစင်များထဲတွင် ပလတ်စတစ်မှုန်များတွေ့ရှိခဲ့ကြောင်း လေ့လာမှုဖော်ပြ

လူသား၏မစင်များထဲတွင် လွန်စွာသေးငယ်သော ပလတ်စတစ်မှုန်များကို တွေ့ရှိခဲ့ကြောင်း သြစတြီးယားရှိ သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။

ဥရောပ၊ ရုရှားနှင့် ဂျပန်တို့တွင် နေထိုင်သည့် အလေ့လာခံရှစ်ဦးတို့ထံမှရရှိသည့် မစင်အားလုံးထဲတွင် လွန်စွာသေးငယ်သော မိုက်ခရိုပလတ်စတစ်မှုန်ကိုးမျိုးကိုတွေ့ရှိခဲ့ကြောင်း ဗီယင်နာဆေးတက္ကသိုလ်နှင့် သြစတြီးယားသဘာဝပတ်ဝန်းကျင်ဌာနတို့မှ သုတေသနပညာရှင်များက ဗီယင်နာ၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတစ်ခု၌ အောက်တိုဘာ ၂၃ ရက်တွင် တင်ပြခဲ့သည်။

မစင်များထဲတွင် ပလတ်စတစ်ပါဝင်လာရသည့် အကြောင်းအရင်းကို ပညာရှင်များက မသိရှိခဲ့သော်လည်း အလေ့လာခံများထားရှိခဲ့သည့် အစားအစာစားသုံးမှုမှတ်တမ်းအရ ၎င်းတို့သည် ပလတ်စတစ်ဖြင့် ပတ်ထားသည့် အစားအစာများကိုစားသုံးပြီး လေ့လာမှုပြုလုပ်စဉ်အတွင်း ပလတ်စတစ်ဗူးများထဲမှ ရေများကိုသောက်ခဲ့ကာ ခြောက်ဦးသည် ပင်လယ်ငါးစားသုံးခဲ့ကြောင်း သိရသည်။

ငါးမီလီမီတာအောက်သေးငယ်သည့် အမှုန်များဖြစ်သည့် မိုက်ခရိုပလတ်စတစ်များကို ရေ၊ တိရစ္ဆာန်များနှင့် အစားအစာများတွင် ယခင်ကတွေ့ရှိခဲ့သော်လည်း ယင်းအမှုန်များကြောင့် လူသားအတွက် ကျန်းမာရေးအန္တရာယ်ရှိကြောင်းကိုမူ သက်သေမပြနိုင်သေးချေ။

သြစတြီးယားရှိ လေ့လာမှုသည် ပမာဏသေးငယ်သော လေ့လာမှုဖြစ်ပြီး အားလုံးကို ကိုယ်စားမပြုနိုင်ကြောင်း၊ လေ့လာမှုတွင်ပါဝင်သည့် နမူနာများ မညစ်ညမ်းစေရေးအတွက် မည်ကဲ့သို့လုပ်ဆောင်ခဲ့ပုံကိုလည်း သုတေသနပညာရှင်များက တိကျစွာဖော်ပြခြင်းမပြုခဲ့ကြောင်း နော်ဝေသိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ဇီဝဗေဒပညာရှင် မာတင် ဗာဂနာကပြောဆိုခဲ့သည်။

မိုက်ခရိုပလတ်စတစ်များကို လူသား၏မစင်ထဲတွင် တွေ့ရှိခဲ့သော်လည်း ယင်းတို့သည် လူသားခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခဲ့သည်ဟု တစ်ထစ်ချမှတ်ချက်ချလို့မဖြစ်နိုင်ကြောင်း၊ လူသားများစားသုံးသော အခြားအရာများနှင့်ကွဲပြားသည်မှာ မိုက်ခရိုပလတ်စတစ်များကို အူများထဲရှိ ဆဲလ်များက စုပ်ယူနိုင်ခြင်းမရှိကြောင်း ဗာဂနာကပြောဆိုခဲ့သည်။