တရုတ်နှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်မည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက တရုတ်ခရီးစဉ်မတိုင်မီ တစ်ရက်အလို အောက်တိုဘာ ၂၄ ၌ ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းဆိုထားသည်။ ပြီးခဲ့သည့် ခုနစ်နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံး တရုတ်ခရီးစဉ်အဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။
ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် တရုတ်နှင့် ဂျပန် နှစ်နိုင်ငံလုံးတွင် တာဝန်ကိုယ်စီရှိသည်ဟု ခံယူထားကြောင်း၊ ငြိမ်းချမ်း ဖွံ့ဖြိုးမှုများ ဆောင်ကြဉ်းနိုင်ရန်မှာ နှစ်နိုင်ငံလုံး စီးပွားရေးအစ အားကစားအလယ် နိုင်ငံရေးအဆုံး အလုံးစုံ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်လိုကြောင်း ဝန်ကြီးချုပ် အာဘေးက ပြောသည်။ ဂျပန်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၂၅ တွင် ပေကျင်းသို့ ရောက်ရှိမည်ဖြစ်ပြီး သုံးရက်တာ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းဖျင်၊ ဝန်ကြီးချုပ် လီခွန်ချန်းတို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
အောက်တိုဘာ ၂၄ ရက်တွင် ဂျပန်လွှတ်တော်သစ် စတင်သည့် မိန့်ခွန်း၌ ဝန်ကြီးချုပ် အာဘေးက ဂျပန်နိုင်ငံတွင်း လုပ်သားရှားပါးသည့် ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ပြည်ပလုပ်သားများကို ယခုထက်ပို လက်ခံရန် စီစဉ်မည်ဟုလည်း ကတိပြု ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် မွေးဖွားနှုန်းများ ကျဆင်းကာ၊ သက်ကြီးရွယ်အိုပမာဏက တိုးလာနေသဖြင့် နိုင်ငံတွင်း အလုပ်လုပ်နိုင်သည့် လူလတ်ပိုင်း နည်းသထက် နည်းလာနေသည့် ပြဿနာကို ရင်ဆိုင်နေရသလို၊ တိုးပွားလာနေသော သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရေးအတွက်လည်း စိန်ခေါ်မှု ရင်ဆိုင်နေရသည်။
ဝန်ကြီးချုပ် အာဘေးသည် ပြီးခဲ့သည့်လက အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးကောက်ခံခဲ့ရသဖြင့် ဂျပန်ဝန်ကြီးချုပ်အဖြစ်ပါ နောက်ထပ် သုံးနှစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်းရရှိခဲ့သည်။

















