ဗင်နီဇွဲလားနိုင်ငံတွင်း အကျပ်အတည်းများကြောင့် နိုင်ငံတွင်းမှ ထွက်ခွာသူထောင်ပေါင်းများစွာရှိနေသည့်အတွက် တောင်အမေရိကတွင် ရွှေ့ပြောင်းအကျပ်အတည်းမှာ စိုးရိမ်စရာအခြေအနေအထိရှိလာခဲ့ကြောင်း ဟောလီဝုဒ်သရုပ်ဆာင်ဖြစ်သလို ပရဟိတလုပ်ဆောင်နေသူလည်းဖြစ်သည့် အန်ဂျလီနာ ဂျိုလီက အောက်တိုဘာ ၂၃ ရက်တွင် ပြောဆိုခဲ့သည်။
ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ၏အထူးကိုယ်စားလှယ်အဖြစ် ဂျိုလီသည် ပီရူးသို့ သုံးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပီရူးခရီးစဉ်အတွင်း ဂျိုလီသည် ပီရူးမြို့တော် လီမာရှိ ခိုလှုံရေးစခန်းတစ်ခုတွင် နေထိုင်နေသည့် ဗင်နီဇွဲလားနိုင်ငံသားတချို့နှင့် တွေ့ဆုံခဲ့သည်။
အောက်တိုဘာ ၂၃ ရက်တွင် ဂျိုလီသည် ပီရူးသမ္မတ မာတင်ဗစ်ကာရာနှင့် တွေ့ဆုံပြီး ရွှေ့ပြောင်းအကျပ်အတည်းဖြေရှင်းရေးနည်းလမ်းများနှင့် နိုင်ငံတကာ၏အကူအညီရယူရန်နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ပီရူးတွင် ဗင်နီဇွဲလားနိုင်ငံသားများ တရားဥပဒေနှင့်အညီနေထိုင်ခွင့်ရရှိရေးအတွက် အကူအညီပေးခဲ့သည့်အတွက် ဂျိုလီက ပီရူးနိုင်ငံအပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။
ကျွန်မနဲ့တွေ့ခဲ့တဲ့ ဘယ်ဗင်နီဇွဲလာနိုင်ငံသားကမှ သူတစ်ပါးပေးစာကမ်းစာကိုမလိုချင်ကြဘူး၊ သူတို့ဘဝရပ်တည်ဖို့အတွက် အခွင့်အလမ်းကိုပဲလိုချင်ကြတာ ဟု ဂျိုလီကပြောဆိုခဲ့သည်။ ၂၀၁၅ ခုနှစ်မှစ၍ ဗင်နီဇွဲလားနိုင်ငံသား ၁ ဒသမ ၉ သန်းသည် နိုင်ငံကိုစွန့်ခွာခဲ့ကြပြီးဖြစ်ကာ ၎င်းတို့အနက် ၄၀ဝ၀ဝ၀ သည် ပီရူးသို့ သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ကုလသမဂ္ဂကပြောဆိုခဲ့သည်။
ဗင်နီဇွဲလားအစိုးရက ရွှေ့ပြောင်းအကျပ်အတည်းမရှိဘဲ ပြည်တွင်းရှိ အဖျက်အမှောင့်အင်အားစုများနှင့် နိုင်ငံရပ်ခြားရှိရန်သူများက ကောလာဟလများဖြန့်ကာ ဗင်နီဇွဲလားကို ကျူးကျော်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















