ဝေဖန်မှုများ ရှိနေသော်လည်း မြောက်ကိုရီးယားနှင့် သဘောတူချက်ကို တောင်ကိုရီးယားသမ္မတ အတည်ပြု

ဝေဖန်မှုများ ရှိနေသော်လည်း မြောက်ကိုရီးယားနှင့် သဘောတူချက်ကို တောင်ကိုရီးယားသမ္မတ အတည်ပြု

ပြီးခဲ့သည့် စက်တင်ဘာက မြောက်ကိုရီးယားခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ရယူခဲ့သည့် သဘောတူချက်များကို တောင်ကိုရီးယား ကွန်ဆာဗေးတစ်များက ဝေဖန်ကန့်ကွက်မှုများ ရှိနေသည့်တိုင် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက အောက်တိုဘာ ၂၃ တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

သမ္မတ မွန်း၏ အားထုတ်မှုသည် ဟန်ပြသက်သက်မျှသာဟု သုံးသပ်သူများ ရှိသလို၊ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးအတွက် အရေးပါသော အားထုတ်မှုဖြစ်သည်ဟု အပြုသဘောဆောင် သုံးသပ်မှုများလည်း ရှိနေသည်။

မြောက်ကိုရီးယားနှင့် ရယူခဲ့သည့် သဘောတူချက်များကို အစိုးရအဖွဲ့က သုံးသပ်ပြီးနောက်တွင် သမ္မတ မွန်းက အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းတွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။ ယခု အတည်ပြုချက်သည် လွှတ်တော်၏ ခွင့်ပြုချက်ကို တောင်းခံခြင်းမရှိဘဲ သမ္မတက တိုက်ရိုက်အတည်ပြုခြင်းဖြစ်သည်။ တောင်ကိုရီးယားဥပဒေအရ မြောက်ကိုရီးယားနှင့် ပတ်သက်သည့် အချို့ကိစ္စများတွင် လွှတ်တော်၏ ခွင့်ပြုချက်ကို တောင်းခံရန်မလိုဘဲ သမ္မတက တိုက်ရိုက် ဆုံးဖြတ်အတည်ပြုခွင့်ရှိသည်။

ယခုလို သဘောတူချက်များကို တရားဝင် အတည်ပြုလိုက်ခြင်းဖြင့် မြောက်ကိုရီးယားနှင့် ပြန်လည်သင့်မြတ်ရေး အားထုတ်မှုတွင် များစွာ အကျိုးပြုလာမည်ဖြစ်သလို၊ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး နိုင်ငံတကာ အားထုတ်မှုကိုလည်း ပံ့ပိုးပေးရာရောက်သည်ဟု သမ္မတ မွန်းက ပြောသည်။

အဓိကအတိုက်အခံ လစ်ဘာတီ ကိုရီးယား ပါတီကမူ သမ္မတမွန်း၏ လုပ်ရပ်သည် နိုင်ငံတော်လုံခြုံရေးကို ထိပါးစေနိုင်သလို၊ ပြည်သူ့ဘဏ္ဍာငွေများကို ဖြုန်းတီးခြင်းလည်းဖြစ်သည်ဟု ဝေဖန်ထားသည်။