သတင်းသမား ခါရှောဂီလူသတ်မှုအပေါ် ဆော်ဒီတုံ့ပြန်ချက်သည် သမိုင်းတွင် အဆိုးရွားဆုံး ဖုံးဖုံးဖိဖိလုပ်မှုဟု သမ္မတထရမ့်ပြောဆို

သတင်းသမား ခါရှောဂီလူသတ်မှုအပေါ် ဆော်ဒီတုံ့ပြန်ချက်သည် သမိုင်းတွင် အဆိုးရွားဆုံး ဖုံးဖုံးဖိဖိလုပ်မှုဟု သမ္မတထရမ့်ပြောဆို

ဆော်ဒီသတင်းစာဆရာ ဂျမဲလ်ခါရှောဂီအသတ်ခံရမှုနှင့်ပတ်သက်၍ ဆော်ဒီအစိုးရတုံ့ပြန်ချက်သည် သမိုင်းတွင် အဆိုးရွားဖုံးဖုံးဖိဖိလုပ်ရပ်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။ ယင်းလုပ်ကြံမှုကို မည်သူစီစဉ်သည်ဖြစ်စေ ၄င်းသည် ကြီးမားသည့်ပြဿနာရင်ဆိုင်ရမည်ဟုလည်း ပြောဆိုခဲ့သည်။

တာဝန်ရှိသူများကို အမေရိကန်က အပြစ်ပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကလည်း ပြောဆိုခဲ့ပြီး သံသယရှိသူ ၂၁ ဦးကို ဗီဇာရုပ်သိမ်းမည်ဟု ဆိုသည်။ မဟာမိတ်ဆော်ဒီအပေါ် ရပ်တည်ချက်ပိုမိုတင်းကျပ်ရန် အမေရိကန် သည်လည်း ဖိအားပေးခံနေရသည်။

ခါရှောဂီအားသတ်ဖြတ်ခဲ့ခြင်းအတွက် ဆော်ဒိီအာရေဗျသည် အရှုံးကြီးရှုံးခဲ့ရပြီး သဘောထားကွဲလွဲသူများအား သတ်ဖြတ်ရန် မည်သည့်အခါမျှ စဉ်းစားတော့မည်မဟုတ်ကြောင်းလည်း ထရမ့်ကပြောဆိုခဲ့သည်။ ခါရှောဂီအရေးအတွက် သိဖွယ်ရာများစွာကျန်သေးသည်ကို ၄င်းသဘောပေါက်ကြောင်းလည်းပြောဆိုခဲ့သည်။

အမေရိကန်၌နေထိုင်သည့် ဝါရှင်တန်ပို့စ်ဆောင်းပါးရှင် ဆော်ဒီသတင်းသမား ခါရှောဂီသည် တူရကီရှိ ဆော်ဒီ ကောင်စစ်ရုံးအတွင်း အောက်တိုဘာ ၂ ရက်က ဝင်ရောက်ခဲ့ပြီး အသက်ရှင်လျက်ပြန်ထွက်သွားကြောင်း ရက်များစွာ ပြောဆိုခဲ့ပြီးမှ ၄င်းသည်အသတ်ခံခဲ့ရကြောင်း ဆော်ဒီအစိုးရက ပြောဆိုခဲ့သည်။

သမ္မတထရမ့်သည် ဆော်ဒီတို့အားအပြင်းထန်ဆုံးဝေဖန်ခဲ့သော်လည်း ဆော်ဒီသည် အမေရိကန်အတွက် အရေးကြီးသည့်မဟာမိတ်ဖြစ်ကြောင်းလည်း ဆက်လက်မီးမောင်းထိုးပြခဲ့သည်။ ယင်းရာဇဝတ်မှုကို ဆော်ဒီအိမ်ရှေ့စံ ဘင်ဆဲလ်မန်ကြိုတင်သိရှိခဲ့ခြင်းမရှိဟု ယုံကြည်ကြောင်း ထရမ့်က ဝေါလ်စထရိသို့ပြောဆိုခဲ့သည်။

ခါရှောဂီသတ်ဖြတ်မှုတွင် ပါဝင်သူများအား ဆန်ရှင်ချမှတ်နိုင်ခြေရှိကြောင်း၊ သို့သော် ယင်းသည် အမေရိကန်၏ နောက်ဆုံးတုံု့ပြန်မှုမဟုတ်သေးကြောင်းလည်း ပွမ်ပီယိုက ပြောဆိုခဲ့သည်။ အမည်မဖော်လိုသည့်ဆော်ဒီအရာရှိတစ်ဦးက ခါရှောဂီသည် ၄င်းအားဆော်ဒီသို့ပြန်ရန် ချုပ်နှောင်ဖိအားပေးစဉ် အသက်ရှူကျပ်သေဆုံးခဲ့ကြောင်း၊ အလောင်းအား ကောဇောဖြင့်လိပ်ပြီး ဒေသခံဝန်ထမ်းတစ်ဦးအား စွန့်ပစ်စေခဲ့ကြောင်း ပြောသည်။

တူရကီနှင့်အာရပ်ထောက်လှမ်းရေးရပ်ကွက်အဆိုအရ ခါရှောဂီအားနှိပ်စက်သည့် ဆော်ဒီတစ်ဦး၏မေးမြန်းသံ၊ ဆော်ဒီအိမ်ရှေ့စံ၏လက်ထောက်တစ်ဦးဖြစ်သူ အယ်လ်ကွာတာနီက ခါရှောဂီ့ဦးခေါင်းကိုယူလာရန် ညွှန်ကြားသံများ Skype ပေါ်တွင်ရှိခဲ့ကြောင်း ရိုက်တာကဖော်ပြခဲ့သည်။