ဆော်ဒီအာရေဗျထံမှ ဒေါ်လာ ၆ ဘီလီယံဖိုးအကူအညီ ပါကစ္စတန်ရရှိမည်၊ အိုင်အမ်အက်ဖ်မှလည်းတောင်းခံမည်

ဆော်ဒီအာရေဗျထံမှ ဒေါ်လာ ၆ ဘီလီယံဖိုးအကူအညီ ပါကစ္စတန်ရရှိမည်၊ အိုင်အမ်အက်ဖ်မှလည်းတောင်းခံမည်

ပျက်ယွင်းနေသည့်စီးပွားရေးကို ပြန်လည်အသက်သွင်းနေသည့် ပါကစ္စတန်သည် ဆော်ဒီအာရေဗျထံမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ အကူအညီရရှိမည်ဖြစ်ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ထံမှလည်း အကူအညီ ဆက်လက်တောင်းခံမည်ဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ကိုရောက်ရှိနေသည့် ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး အာဆက်အူမာနှင့် ဆော်ဒီ ဘဏ္ဍရေးဝန်ကြီး အက်ဘ်ဒူလည အဲလ်ဂျဒန်းတို့သည် ဒေါ်လာ ၁၈ ဘီလီယံ လိုငွေပြနေသည့် ပါကစ္စတန်စီးပွားရေးကို အကူအညီပြုမည့် သဘောတူညီချက်တစ်ရပ်ကို အောက်တိုဘာ ၂၄ ရက်၌ ဆော်ဒီရင်းနှီးမြှပ်နှံသူများညီလာခံ၏ ဘေးထွက် စည်းဝေးပွဲတစ်ခုတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ရင်းနှီးမြှုပ်နှံသူများညီလာခံသည် ဆော်ဒီသတင်းစာဆရာ ခါရှောဂီ တူရကီရှိဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း သတ်ဖြတ်ခံခဲ့ရမှုကြောင့် ညီလာခံတက်ရောက်ရန် မူလအဆိုပြုထားသည့် ဘဏ္ဍာရေးဝန်ကြီးများနှင့် စီးပွားရေးခေါင်းဆောင် အများအပြား မလာရောက်တော့ခြင်းကြောင့် ငြိမ်သက်လျက်ရှိသည်။

မည်သို့ဖြစ်စေ နိုင်ငံ့အတွက် အကူအညီလိုအပ်နေသည့် ပါကစ္စတန်ဝန်ကြီးချုပ်သစ် အီမရန်ခန်းသည် ညီလာခံသို့လာရောက်ခဲ့ပြီး ပါကစ္စတန်သို့ ဆော်ဒီက ဒေါ်လာ ၃ ဘီလီယံအရေးပေါ်ချေးငှားပြီး နှစ်ကုန်တွင် ယင်းငွေပြန်လည်ပေးဆပ်ရန်နှင့် ဆော်ဒီမှ ရေနံ ၃ ဘီလီယံဘိုး အကြွေးရောင်းချပေးရန် သဘောတူညီချက် ရယူနိုင်ခဲ့သည်။

ယင်းကဲ့သို့ ဆော်ဒီမှ အကူအညီရရှိခဲ့သော်လည်း ပါကစ္စတန်သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)မှလည်း အာမခံချက်ရရှိရေး ကြိုးပမ်းဆဲဖြစ်သည်။ (နိုဝင်ဘာပထမပတ်ထဲမှာ အိုင်အမ်အက်ဖ်နဲ့ ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းရေးအစီအစဉ်တွေ လုပ်သွားမှာပါ)ဟု ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြောခွင့်ရသူ နျူးအာမက်က ပြောဆိုခဲ့သည်။ ပါကစ္စတန်၏ အဓိကစတော့ဈေးကွက်သည် အောက်တိုဘာ ၂၄ ရက်၌ ၃ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းလည်း သိရသည်။