အမေရိကန်တို့ ကျောထောက်နောက်ခံမှုတစ်စုံတစ်ရာမပါဘဲ တူရကီရှိ ဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံးအတွင်း၌ ဆော်ဒီသတင်းစာဆရာ ဂျမဲလ်ခါရှောဂီကို အော်ဒီအေးဂျင့်များ မသတ်ဖြတ်ရဲကြောင်း အီရန်သမ္မတ ဟာဆန်ရိုဟာနီက စွပ်စွဲလိုက်သော်လည်း အထောက်အထားမူ ဖော်ပြနိုင်ခြင်းမရှိပေ။
ဆော်ဒီ၏အုပ်ချုပ်မှုစနစ်သည် တစ်ဦးတစ်ယောက်၏ အာဏာကိုကာကွယ်ရေးနှင့် အထောက်အကူပြုရေးအတွက် မျိုးနွယ်စုအုပ်ချုပ်သည့်စနစ်ဖြစ်ကြောင်းလည်း ရိုဟာနီက ပြောဆိုခဲ့သည်။
ခါရှောဂီသတ်ဖြတ်မှုကြောင့် ဆော်ဒီသို့လက်နက်ရောင်းချမှု ပိတ်ပင်ရန် သြစတြေးလျကလည်း ပြောဆိုလာခဲ့သည်။
အခြားနိုင်ငံများက ဆော်ဒီသို့လက်နက်ရောင်းချမှုပိတ်ပင်လျှင် သြစတြေးလျလည်း လိုက်ပါပိတ်ပင်ရန် နိုင်ငံခြားရေးဝန်ကြီးကို လွှတ်တော်တွင် တောင်းဆိုခံခဲ့ရသည်။
စပိန်အစိုးရကမူ အလုပ်အကိုင်များကိုကာကွယ်ရန် အတိတ်ကစာချုပ်များအရ ဆော်ဒီကိုလက်နက်ရောင်းချမှု ဆက်လက်ပြုလုပ်မည်ဟု ပါလီမန်တွင်ပြောဆိုခဲ့သည်။
ဆော်ဒီကောင်စစ်ရုံးအတွင်း သတင်းသမားတစ်ဦးဖြစ်သည့် ခါရှောဂီကို ဆော်ဒီအေးဂျင့်တစ်စုက သတ်ဖြတ်ခဲ့ကြောင်း အခိုင်အမာစွပ်စွဲထားသည့် အိမ်ရှင်တူရကီက အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ရုံးအာဏာပိုင်များအနေဖြင့် တူရကီစုံစမ်းစစ်ဆေးသူတို့အား ရုံးဝင်းအတွင်းပန်းခြံရှိရေတွင်းတစ်တွင်းကို ရှာဖွေရန်ခွင့်မပြုကြောင်း အောက်တိုဘာ ၂၄ ရက်နှောင်းပိုင်း၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

















