မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ် တင်မြှောက်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီက အင်းယားလမ်း အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးသောင်းထိုက်မင်း ပြန်လည်ရွေးချယ်ခံခဲ့ရ ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင် မြှောက်ရေးကြီးကြပ်မှုကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဒင်က အဖွင့်အမှာစကားပြောကြားပြီး လှေလှော်အဖွဲ့ချုပ် ရွေးချယ်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိန်ထွန်းက ရွေးချယ်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း အုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်က ရွေးချယ်တင်မြှောက်ပွဲ အစီအစဉ်မှူးအဖြစ် ဆန္ဒမဲပေးရမည့် ရွေးချယ်ရေးပုံစံများနှင့် လုပ်ထုံးလုပ်နည်းများကို အသေးစိတ်ရှင်းလင်း ပြောကြားပြီး လက်ရှိဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ နုတ်ထွက်ကြောင်း ကြေညာခဲ့ သည်။
ပြန်လည်ရွေးချယ်ခံရ
ဆန္ဒမဲပေးမှုများအရ ဥက္ကဋ္ဌအဖြစ် ဦးသောင်း ထိုက်မင်း ပြန်လည်ရွေးချယ်ခံခဲ့ရပြီး ၎င်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က အဖွဲ့ချုပ် ဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးထွန်းဦး၊ ဒေါက်တာသန်းတိုး၊ ဦးဖေဝင်း၊ ဦးကျော်ကျော် လှိုင်၊ မစ္စတာလိုင်၊ ဦးမျိုးဆွေသိမ်း၊ ဦးအုန်းမြင့်တို့ ရွေးချယ်ခံခဲ့ရသည်။ ထို့နောက် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခံရသည့် ဦးသောင်းထိုက်မင်းက ကျေးဇူးတင်စကားနှင့် ကတိပြုစကားပြောကြားခဲ့ပြီး အဖွဲ့ချုပ်နာယက လူကြီးများ စာရင်းအပါအဝင် အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး (၁) နှင့် (၂)နှင့် ဘဏ္ဍာ ရေးမှူးအဖြစ် တာဝန်ပေးအပ်သူများ အမည် စာရင်းကို ကြေညာခဲ့သည်။















