တီးတိန်တွင် ရိုးရာခွာဒိုပွဲတော် စည်ကားစွာဆင်နွှဲ

တီးတိန်တွင် ရိုးရာခွာဒိုပွဲတော် စည်ကားစွာဆင်နွှဲ

မြန်မာတို့၏ သီတင်းကျွတ်ရာသီတွင် နှစ်စဉ် နှစ်တိုင်း ရိုးရာအစဉ်အလာမပြတ် ကျင်းပလေ့ ရှိသော ချင်းတိုင်းရင်းသား ဇိုမီးမျိုးနွယ်စု၏ ရိုးရာခွာဒိုပွဲတော် (၂၀၁၈) အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်  နံနက် ၁၀ နာရီက ချင်းပြည်နယ်တီးတိန်မြို့ စကောလမ်းရပ်ကွက် ကမ်းဟောက်ခန်းမ၌ စည်ကားစွာဆင်နွှဲခဲ့ကြသည်။

 ရှေးဦးစွာ သိက္ခာတော်ရဆရာ ဝုန်ဆွင့်မုန် က အဖွင့်ဆုတောင်းမေတ္တာပို့သပြီး ချင်းပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သတ္တုနှင့် သစ်တောရေးရာ ဝန်ကြီး ဦးမန်ဟင်းဒါလ်းက ရိုးရာခွာဒိုပွဲနှင့် ပတ်သက်၍ အဖွင့်မိန့်ခွန်းပြောဆိုကာ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဂိုဆွင်းခိုင်က ရိုးရာခွာဒိုပွဲတော် စာတမ်းဖတ်ကြားပြီးနောက် ရိုးရာခွာဒိုပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဆွောင်းဇနန်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ဖျော်ဖြေတင်ဆက်

ရိုးရာခွာဒိုပွဲတော်ကို အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ရိုးရာဓလေ့ဖြစ်သည့် ပျားအုံဖွပ်၍ သယ်ဆောင်ခြင်း၊ ထင်းရှူးဆီမီး ထွန်းညှိခြင်း၊ မီးရှူးမီးပန်းဖောက်ခြင်း၊ ရိုးရာ သေနတ်ပစ်ဖောက်ခြင်းနှင့် ရိုးရာစုပေါင်း မီးပုံ ပွဲအကဖြင့် ဆင်နွှဲခြင်းတို့အပြင် ခေတ်ပေါ်တေး ဂီတအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာ အသုံးအဆောင်များ ပြခန်း၊ ရိုးရာယဉ်ကျေးမှု အကနှင့် အတီးအမှုတ်များ ပါဝင်သည့်ရိုးရာ ယဉ်ကျေးမှုအကပဒေသာများကိုပါ ဖျော်ဖြေ တင်ဆက်ပြသကြသည်။

 ခွာဒိုပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက် မှာ အထူးသဖြင့် တစ်နှစ်တာ တောင်ယာ လုပ်ငန်းပြီးဆုံး၍ နှစ်ဟောင်းကို နှုတ်ဆက်ပြီး အောင်မြင်မှုအတွက် နှစ်သစ်ကိုကြိုဆိုသောပွဲ (သို့)တစ်နှစ်တာအတွက် ဝမ်းစာစုဆောင်းပြီး အောင်ပွဲခံသည့် နေ့ထူးနေ့မြတ်ပွဲတော်ဖြစ်ပြီး ချင်းတိုင်းရင်းသားများတွင် မျိုးနွယ်စုကွဲများစွာရှိသည့်အတွက် ရိုးရာပွဲတော်တစ်ခုဖြစ် သည့် ခွာဒိုပွဲတော်ကျင်းပပုံများလည်း မတူညီ ကြပေ။

နေရာဒေသအလိုက် အမျိုးမျိုး ခေါ်ဝေါ် သုံးစွဲကြသော်လည်း ခွာဒိုပွဲ၏ အနှစ်သာရမှာ သီးနှံများရိတ်သိမ်းပွဲ၊ ကောက်သစ်စားပွဲ၊ နှစ်သစ်ကူးပွဲ၊ မကောင်းဆိုးဝါးများ နှင်ထုတ် သန့်ရှင်းစေပြီး ကောင်းချီးမင်္ဂလာများကိုကြိုဆို ၍ ကျေးဇူးတော်ချီးမွမ်းပွဲနှင့်ပူဇော်ပသပွဲများ ပင်ဖြစ်သည်။

ရိုးရာခွာဒိုပွဲတော်ကို တီးတိန်၊ တွန်းဇံမျိုးနွယ်စုများက "ခွာဒို " (Khuado, Anlak, Tuktun, Kumkhen, Cianlep)ပွဲဟူ၍လည်းကောင်း၊ ဟားခါးမျိုးနွယ်စုများက "ထို " (Tho) ပွဲဟူ၍လည်းကောင်း၊ ထန်တလန် မျိုးနွယ်စုများက "ထလိုင်ထာရ်" (Thlai-thar)ပွဲဟူ၍လည်းကောင်း၊ ဖလမ်းမျိုးနွယ်စုများက "ဖာန်းအဲရ်" (Fanger)၊ "ဒေါင်းပွီး"(Dong- pui)၊ "ကုခ်" (Kuk)၊ ထို၊ ထလိုင်ထာရ်ပွဲဟူ၍ လည်းကောင်း၊ မတူပီမျိုးနွယ်စုများက"စပ် ယိုးမ်"(Cakzoem)ပွဲဟူ၍လည်းကောင်း၊ ကန်ပက်လက်မျိုးနွယ်စုများက"နာမ်းဘွေး"(Nampwe)ပွဲဟူ၍လည်းကောင်း၊ မင်းတပ် မျိုးနွယ်စုများက"ကုန်ကြီ"(Kunci) ပွဲဟူ၍ လည်းကောင်း၊ ထာဒို (Thado) နှင့် မီဇိုး (Mizo) မျိုးနွယ်စုများက"ကြတ်ကြာကွတ်" (Capcar Kut)ပွဲဟူ၍လည်းကောင်း ပလက်ဝ မြို့နယ်နေ ခမီမျိုးနွယ်စုများကလည်း ဒေသ အလိုက် အသီးသီးခေါ်ဝေါ်၍ နှစ်စဉ်ကျင်းပ လေ့ရှိကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး