သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ အောက်တိုဘာ ၂၆ ရက် ညနေ ၆ နာရီတွင် ကျင်းပမည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ၌ စိန်ခေါ်သူ လက်ဘနွန် နိုင်ငံသား ကရာကီကို သုံးချီအတွင်း အနိုင်ယူ မည်ဟု အောင်လအန်ဆန်က ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ၌ ကြုံးဝါးခဲ့သည်။
ချန်ပီယံကာကွယ်ပွဲ
မြန်မာ့စပါးကြီးမြွေအဖြစ် ထင်ရှားသည့် အောင်လအန်ဆန်သည် ဝမ်းချန်ပီယံရှစ်၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း တို့၏ လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်ပြီး အောက်တို ဘာ ၂၆ ရက်တွင် စိန်ခေါ်သူ မိုဟာမက် ကရာကီနှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲ ထိုးသတ်မည်ဖြစ်သည်။
"ကရာကီနဲ့ပုံစံတူတဲ့သူနဲ့ လေ့ကျင့်ထား တယ်။ သူက ဂျူးဂျစ်ဆု အားသန်တော့ ဂျူးဂျစ်ဆုကစားသမားတွေနဲ့လည်း လေ့ကျင့် ထားပါတယ်။ ကျွန်တော့်ရဲ့အားသာချက်ကို ယုံကြည်တယ်။ ကျွန်တော်ပြောထားသလိုပဲ သုံးချီအတွင်းအလဲထိုးနိုင်မယ်လို့ ယုံကြည် ပါတယ်"ဟု အောင်လအန်ဆန်က ပြောဆို ခဲ့သည်။
နောက်ဆုံးပွဲ
ထပ်မံသိရသောသတင်းများအရ ကရာ ကီနှင့်ထိုးသတ်မည့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကာကွယ်ပွဲမှာ မြန်မာနိုင်ငံ၌ အောင်လ အန်ဆန် နောက်ဆုံးထိုးသတ်သောပွဲ ဖြစ် ဖွယ်ရှိကြောင်း သိရသည်။
"ဒီပွဲက မြန်မာနိုင်ငံမှာ နောက်ဆုံးထိုး သတ်မယ့်ပွဲဖြစ်လာမလားဆိုတာ မသိသေး ပါဘူး။ ပွဲစဉ်ဇယားထွက်လာမှ သိရမှာပါ။ လာမယ့်နှစ် မတ်လ ဂျပန်မှာ လိုက်ဟဲဗီးဝိတ် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမယ်လို့တော့ သိထားတယ်"ဟု အောင်လအန်ဆန်က ပြော ဆိုခဲ့သည်။
အောင်လအန်ဆန်သည် ဝမ်းချန်ပီယံရှစ် နှင့်ချုပ်ဆိုထားသောစာချုပ်အရ ကရာကီနှင့် ပွဲအပါအဝင် ငါးပွဲထပ်မံထိုးသတ်ရဦးမည် ဖြစ်သည်။















