ကောင်းကင်ဘုံသွားမလား ရိုးရိုးလဲသေမလား ရုရှားလမ်းသွားလမ်းလာများ မေးခွန်းထုတ်ခံရ

ကောင်းကင်ဘုံသွားမလား ရိုးရိုးလဲသေမလား ရုရှားလမ်းသွားလမ်းလာများ မေးခွန်းထုတ်ခံရ

ရုရှားမြို့ကြီးတစ်မြို့မှလမ်းများပေါ်တွင် လမ်းသွားလမ်းလာများသည် "အာဇာနည်ဖြစ်ပြီး ကောင်းကင်ဘုံသွားချင်ပါသလား၊ ရိုးရိုးတန်းတန်း တုံးခနဲ လဲသေလိုပါသလား"ဟု သေမင်း၏ မေးမြန်းစာရင်းယူခြင်း ခံနေရသည်။

ဆိုင်ဘေးရီးယားဒေသ၊ ကာဂန်မြို့မှလူမှုရေးလှုပ်ရှားသူများသည် မရဏမင်း အသွင်ဝတ်ဆင်ထားသူတစ်ဦး ခေါင်းဆောင်သည့်အဖွဲ့တစ်ဖွဲ့က လမ်းသွား လမ်းလာများ၊ ဈေးဝယ်သူများကိုယင်းကဲ့သို့မေးခွန်းများ မေးမြန်းမှတ်တမ်းယူခဲ့ ခြင်းဖြစ်သည်။ ယင်းမှတ်တမ်းသည် လွန်ခဲ့သည့် အပတ်က ပြောဆိုခဲ့သော ရုရှားသမ္မတဗလာဒီ မာပူတင်၏ မိန့်ခွန်းတစ်ခုနှင့်သက်ဆိုင်သည်။

သမ္မတပူတင်က ကျူးကျော်သူများသည် နျူကလီးယားစစ်ပွဲနှင့်ရင်ဆိုင်ရမည်ဟု ခြိမ်း ခြောက်ခဲ့ပြီး ရုရှားများသည် ဧကန်မုချ အာဇာ နည်အဖြစ်သေဆုံးလျက် ကောင်းကင်ဘုံသွား ရောက်မည်ဖြစ်ကြောင်း၊ ရန်သူများကား နောင်တရရန်ပင် အချိန်မရလိုက်ဘဲ တုံးခနဲလဲကျသေဆုံးကြရမည်ဖြစ်ကြောင်း သတိပေး ခဲ့သည်။

ယင်းကြောင့် (သေခြင်းအဆုံး)ဟူသည့် အုပ်စုက ကာဂန်ဒေသခံများအား ၎င်းတို့သေလို သည့်ပုံကို ဒေသဆိုင်ရာ မရဏစာအုပ်တွင် ချရေးရန် စာရင်းကောက်ယူခဲ့ခြင်းဖြစ်သည်။ အများစုသည် ရိုးရှင်းစွာသေဆုံးလိုကြသည်ဟုဆိုသည်။

သတိပေး

ယင်းအဖြစ်သည် ကာဂန်ဒေသလမ်းများပေါ်တွင် လူအများ သတိပြုမိစေမည့် သေခြင်းအဆုံးအုပ်စု၏ပထမဆုံးလှုပ်ရှားမှု မဟုတ်ချေ။ ယခုနှစ်နွေရာသီကလည်း ပေါက်ပြဲနေသည့် လမ်းများ၊ အရက်အမူးလွန်သူများကို လျစ်လျူ ရှုမှုများနှင့် ကမ်းခြေအနီး အန္တရာယ်ရှိရေပြင် တွင် ရေကူးမှုများကို သတိပေးရန် မရဏမင်းနှင့် သေခြင်းအဆုံးအုပ်စု လိုက်လံလှုံ့ဆော် သတိ ပေးခဲ့သည်။

ဖြေဆို

သမ္မတပူတင်၏မိန့်ခွန်းအပေါ် ယခုတုံ့ပြန်မှု အတွက် လွတ်လပ်သည့်သတင်းဌာနအချို့က မရဏမင်းအဖြစ် သရုပ်ဆောင်သူနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။ ရုရှား နိုင်ငံသားများ အနည်းဆုံး မိမိသေဆုံးမည့်နည်းလမ်းကို မိမိဘာသာရွေးချယ်ခွင့်ရသင့်ကြောင်း မရဏမင်း က ဖြေကြားခဲ့သည်။