ရွှေညောင်မြို့တွင် တရားမဝင် ငွေစက္ကူ အတု ပြုလုပ်သုံးစွဲသူ သုံးဦး ဖမ်းဆီးရမိ

ရွှေညောင်မြို့တွင် တရားမဝင် ငွေစက္ကူ အတု ပြုလုပ်သုံးစွဲသူ သုံးဦး ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့တွင် ကွန်ပျူတာဖြင့်ပြုလုပ်ထားသည့် ငါးထောင်ကျပ်တန်ငွေစက္ကူအတုဖြင့် ဈေးဝယ်သူအမျိုးသားနှစ်ဦးနှင့် အတုပြုလုပ်သူ တစ်ဦးအား အောက်တိုဘာ ၂၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင်​ ရွှေညောင်မြို့ရွှေဘုံသာရပ်ကွက်နယ်မြေ (၁)ကုန်စုံဆိုင်တွင် မသင်္ကာသူလူနှစ်ဦးက ဈေးဝယ်ရာတွင် အတုဟုယူဆရသည့် ငါးထောင်ကျပ်တန်​ဖြင့် ဝယ်​ယူခဲ့ကြောင်း သတင်းရရှိခဲ့သည်​။

အဆိုပါ​ငွေစက္ကူကို ရွှေညောင်နယ်မြေရဲစခန်းသို့ အပ်​နှံစစ်ဆေးရာ ​ငွေအတုဖြစ်​​နေ​ကြောင်း သိရသဖြင့် ​ရွှေညောင်နယ်မြေနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ညီညီပိုင်မွှန်း ဦးစီးသည့်အဖွဲ့က သက်​​သေများနှင့်အတူ မသင်္ကာသူနှစ်ဦး ဖြစ်​သည့် ​ရွှေဘုံသာရပ်ကွက် နယ်မြေ (၁)ခွာညိုလမ်းမတွင်နေထိုင်​သူ ​ကျော်သူ (ခ)အီစွတ်  ၁၉ နှစ် မိုးမြင့်မြတ် (ခ)ဂြိုလ်သား ၁၇ နှစ် တို့ကိုဖမ်းဆီးစစ်​​ဆေးခဲ့သည်​။

၎င်းတို့ကို စစ်ဆေးခဲ့ရာ ကျော်သူ (ခ)အီစွတ်၏ အနက်ရောင်ပိတ်ဆံအိတ်အတွင်းမှ ငါးထောင်ကျပ်တန်ငွေစက္ကူ အတု ငါးရွက်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ယင်းငွေစက္ကူအတုများကို ရွှေညောင်မြို့ ဓနသိဒ္ဓိရပ်ကွက်  နယ်မြေ (၁)ရတနာလမ်းရှိ ကွန်ပျူတာ မိတ္တူနှင့် စာစီစာရိုက်လုပ်ငန်း  လုပ်ကိုင်သူ  မင်းထက်ကိုကိုထံမှ ရ ရှိကြောင်း ထွက်ဆိုခဲ့သည်​။

ထို့ကြောင့် သက်ဆိုင်ရာက အဆိုပါ ဆိုင်အား ဆက်လက်စစ်ဆေးရာ ဆိုင်ခန်းအတွင်းမှ DELL တံဆိတ်ပါနက်ပြာ  ကွန်ပျူတာလက်တော့ (၁)လုံး ကွန်ပျူတာသုံးကြိုး(၁) ချောင်း၊ Epson 1210 ဆေးဗူး (၄) ဗူးပါ ကာလာပရင်၁ လုံး  ကာလာပရင်တာကြိုး ၁ ချောင်း၊  A4 စာရွက်ပေါ်တွင် တစ်သောင်းတန်ငွေစက္ကူ ပြုလုပ်ဆဲ (၄) ပုံနှင့် ၎င်း စာရွက်နောက်ကျောဘက်တွင် တစ်သောင်းတန်ငွေစက္ကူပြုလုပ်ဆဲ ( ၂) ပုံနှင့် ငွေစက္ကူအတုများဖြတ်ညှပ်သည်ဟု ယူဆရသည့် အပြာရောင်ကပ်ကျေး တစ်ချောင်း တို့ကို ရှာဖွေတွေ့ရှိ၍ မင်းထက်ကိုကိုအား ဖမ်းဆီးကာ ဆက်​လက်​စစ်​​ဆေးလျက်​ရှိသည်​။