လာမည့် ၁၅ နှစ်အတွင်း အမေရိကန်နှင့် တရုတ် စစ်ဖြစ်နိုင်ခြေရှိကြောင်း အငြိမ်းစားဗိုလ်ချုပ်တစ်ဦးသတိပေး

လာမည့် ၁၅ နှစ်အတွင်း အမေရိကန်နှင့် တရုတ် စစ်ဖြစ်နိုင်ခြေရှိကြောင်း အငြိမ်းစားဗိုလ်ချုပ်တစ်ဦးသတိပေး

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့သည့် လာမည့် ၁၅ နှစ်အတွင်း စစ်ဖြစ်နိုင်ခြေရှိနေကြောင်း ဥရောပရှိ အမေရိကန်စစ်တပ်များ၏ တပ်မှူးဟောင်း အငြိမ်းစားဗိုလ်ချုပ် ဘန် ဟော့ဂျ်စ်က အောက်တိုဘာ ၂၄ ရက်တွင် သတိပေးပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ပစိဖိတ်ရှိ ၎င်း၏အကျိုးစီးပွားကို ကာကွယ်ရန် ပိုမိုအာရုံစိုက်ရမည်ဖြစ်သောကြောင့် ထကြွလာသည့် ရုရှား၏ရန်ကိုကာကွယ်ရန်အတွက် ဥရောပမဟာမိတ်များသည် ၎င်းတို့၏ကာကွယ်ရေးအင်အားကို မြှင့်တင်ရန်လိုအပ်ကြောင်း ဟော့ဂျ်စ်ကပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် အင်အားကြီးမားသော ဥရောပမဟာမိတ်ကိုလိုအပ်နေကြောင်း၊ လာမည့် ၁၅ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုသည် တရုတ်နှင့် စစ်ဖြစ်နိုင်ခြေလွန်စွာများနေကြောင်း ဟော့ဂျစ်က ပိုလန်နိုင်ငံ ဝါဆောရှိ လုံခြုံရေးညီလာခံတစ်ခုတွင်ပြောဆိုခဲ့သည်။

ဟော့ဂျ်စ်သည် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဥရောပရှိ အမေရိကန်စစ်တပ်၏တပ်မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုလောလောဆယ်တွင် ၎င်းသည် ဝါရှင်တန်အခြေစိုုက် သုတေသနအင်စတီကျုဖြစ်သည့် ဥရောပမူဝါဒလေ့လာရေးဗဟိုဌာနတွင် မဟာဗျူဟာဆိုင်ရာကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေသည်။ ပထဝီနိုင်ငံရေးဦးစားပေးမှုများပြောင်းလဲသွားသော်လည်း အမေရိကန်ပြည်ထောင်စုသည် နေတိုးအဖွဲ့ကို ဆက်လက်ထောက်ပံ့နေဦးမည်ဖြစ်ကြောင်း ဟော့ဂျ်စ်ကပြောဆိုခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အနောက်နိ်ုင်ငံများနှင့် စစ်ရေးအရမဟာမိတ်ဖွဲ့ထားခြင်း၏အသုံးဝင်မှုကို မေးခွန်းထုတ်နေသော်လည်း ထရမ့်အစိုးရသည် ဥရောပ၏လုံခြုံရေးကို အမေရိကန်အကျိုးစီးပွား၏အဓိကအချက်အဖြစ် သတ်မှတ်ထားဆဲဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

မကြာသေးမီတွင် တောင်တရုတ်ပင်လယ်တွင်း အမေရိကန်ရေတပ်ဖျက်သင်္ဘောတစ်စင်းနှင့် တရုတ်စစ်သင်္ဘောတစ်စင်းတို့ ဝင်တိုက်လုနီးဖြစ်ခဲ့သည့် ဖြစ်ရပ်သည် နိုင်ငံနှစ်နိုင်ငံကြား တင်းမာမှုများရှိနေသည့် လက္ခဏာကိုပြသနေကြောင်း ဟော့ဂျ်စ်က အေပီသတင်းဌာနသို့ပြောဆိုခဲ့သည်။

တရုတ်သည် အာရှနှင့် ဥရောပတို့၌ ငွေကြေးထောက်ပံ့ခြင်းဖြင့် အခြေခံအဆောက်အအုံများကို ပိုမိုထိန်းချုပ်လာနိုင်ကြောင်း၊ ဥရောပရှိ ဆိပ်ကမ်း ၁၀ ရာခိုင်နှုန်းကို တရုတ်က ထိန်းချုပ်ထားကြောင်း ဟော့ဂျ်စ်ကပြောဆိုခဲ့သည်။