အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံရေး အထင်ကရ ပုဂ္ဂိုလ်အများအပြားအပြင် စီအင်န်အင်န် သတင်းဌာနသို့ပါ ပေါက်ကွဲပစ္စည်းများပါသည်ဟု သံသယရှိရသော ပါဆယ်ပုံးများ တပြိုင်နက် ရောက်ရှိမှု ဖြစ်ပွားလာသဖြင့် နိုင်ငံရေး ယဉ်ကျေးမှုရှိကြရန် သမ္မတ ဒေါ်နယ်ထရမ့်က မှတ်ချက်ပေး ပြောကြားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲပစ္စည်းပါသည်ဟု သံသယရှိရသော ပါဆယ်ပုံးများသည် ဘားရတ် အိုဘားမား၊ ဟီလာရီ ကလင်တန် စသည့် ဒီမိုကရက် ထိပ်တန်းပုဂ္ဂိုလ်များထံလည်း ရောက်ရှိခဲ့သည်။ မည်သည့် ပါဆယ်ပုံးမျှ ပေါက်ကွဲခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။ ပါဆယ်ပုံးများ ပေးပို့သူကို ဖော်ထုတ်နိုင်ရန် အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဝင်စကွန်ဆင်ပြည်နယ်တွင် ထောက်ခံသူများနှင့် တွေ့ဆုံပွဲတွင် သမ္မတ ထရမ့်က ပါဆယ်ပုံးများ ပေးပို့သူများကို ဖော်ထုတ်အပြစ်ပေးမည်ဟု ဆိုလိုက်သည်။
"နိုင်ငံရေးလောကမှာ ကျင်လည်နေတဲ့လူတွေအနေနဲ့ ပြိုင်ဘက်ကို ဗီလိန်တွေလို သဘောထားတာမျိုး ရပ်တန်းက ရပ်ကြဖို့လိုပြီ။ နိုင်ငံရေးယဉ်ကျေးမှုရှိရှိ ယှဉ်ပြိုင်ဖို့ တိုက်တွန်းလိုတယ်" ဟု သမ္မတ ထရမ့်က ပြောကြားသည်။
ပေါက်ကွဲပစ္စည်းပါသည့် ပါဆယ်ပုံးများသည် နယူးယောက်၊ ဝါရှင်တန်ဒီစီနှင့် ဖလော်ရီဒါပြည်နယ်များသို့ပါ ဖြန့်ကျက်ရောက်ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ ပေါက်ကွဲပစ္စည်း ပါဆယ်ပုံး လက်ခံရရှိသူများထဲတွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်၊ သမ္မတဟောင်း ဘားရတ် အိုဘားမား၊ စီအိုင်အေ ညွှန်ကြားရေးမှူးဟောင်း ဂျွန် ဘရီနန်၊ ရှေ့နေချုပ်ဟောင်း အဲရစ် ဟိုလ်ဒါ၊ ကယ်လီဖိုးနီးယား ဒီမိုကရက်တစ် လွှတ်တော်အမတ် အမျိုးသမီး မာဆိုင်း ဝါးတား၊ လုပ်ငန်းရှင် ဂျော့ ဆိုးရော့စ်၊ နယူးယောက်ရှိ စီအင်န်အင်န် သတင်းဌာနတို့လည်း ပါဝင်သည်။
ပေါက်ကွဲပစ္စည်းပါသည်ဟု သံသယရှိရသော ပါဆယ်ပုံး အောက်တိုဘာ ၂၄ နံနက်ပိုင်းက စီအင်န်အင်န် စာလက်ခံဌာနသို့ ရောက်ရှိလာသဖြင့် သတင်းဌာန ဝန်ထမ်းများကို အရေးပေါ် ဘေးကင်းရာ ရွှေ့ပြောင်းခိုင်းခဲ့ရကြောင်းလည်း သိရသည်။

















