အိန္ဒိယရှိ တက္ကသိုလ်တစ်ခု ဟာရီပေါ်တာဝတ္ထုအခြေခံ ဥပဒေရေးရာသင်တန်းပို့ချမည်

အိန္ဒိယရှိ တက္ကသိုလ်တစ်ခု ဟာရီပေါ်တာဝတ္ထုအခြေခံ ဥပဒေရေးရာသင်တန်းပို့ချမည်

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်ရှိ ထိပ်တန်းဥပဒေတက္ကသိုလ်တစ်ခုဖြစ်သည့် ကိုလ်ကာတား တရားရေးသိပ္ပံဆိုင်ရာ အမျိုးသားတက္ကသိုလ်သည် စာရေးဆရာမ ဂျေကေ ရိုးလင်း၏ နာမည်ကျော် ဟာရီ ပေါ်တာဝတ္ထုဇာတ်လမ်းတွဲများအပေါ် အခြေခံသည့် ဥပဒေရေးရာသင်တန်းတစ်ခုကို ပို့ချတော့မည်ဖြစ်သည်။

ဟာရီပေါ်တာ ဝတ္ထုဇာတ်လမ်းတွဲများရှိ အဖြစ်အပျက်များနှင့် လက်တွေ့ဘဝများရှိ အဖြစ်အပျက်များကြား နှိုင်းယှဉ်ပြီး ဥပဒေ၏အခန်းကဏ္ဍကို သင်ကြားပို့ချမည်ဖြစ်သည်။ ဖန်တီးတီထွင်တွေးတောမှုကို အားပေးရန် စမ်းသပ်ကြည့်ခြင်းဖြစ်ကြောင်း သင်တန်းကိုစီစဉ်ခဲ့သည့် ပါမောက္ခ ရှိုဗစ် ကူးမား ဂူဟာကပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များစွာနှင့် ဗြိတိန်ရှိ တက္ကသိုလ်တစ်ခုတို့သည်လည်း အလားတူသင်တန်းများကို စီစဉ်ခဲ့ကြပြီးဖြစ်သည်။

သင်ရိုး၏အမည်မှာ စိတ်ကူးယဉ်စာပေနှင့် ဥပဒေကြား ဆက်စပ်မှု- ဂျေကေရိုးလင်း၏ ပေါ်တာဇာတ်လမ်းတွဲများအပေါ် အဓိကအခြေခံမှု ဖြစ်ပြီး ၄၅ နာရီကြာဆွေးနွေးသင်ကြားပို့ချမှုများပါဝင်မည်ဖြစ်သည်။ အိန္ဒိယရှိ လူတန်းစားနှင့် လူမှုရေးအခြေအနေများကို ဝတ္ထုဇာတ်လမ်းတွဲများရှိ အိမ်စေ နတ်သူငယ်လေးများအနှိပ်ခံရပုံနှင့် သမန်းဝံပုလွေများ ဘေးဖယ်ထုတ်ခံရပုံများနှင့် နှိုင်းယှဉ်မှုများပါဝင်မည်ဖြစ်သည်။

သင်တန်းကို ဒီဇင်ဘာတွင် စတင်မည်ဖြစ်ပြီး သတ်မှတ်ထားသည့် ကျောင်းသားဦးရေ ၄၀ လည်းပြည့်မြောက်ပြီဖြစ်သော်လည်း ကျောင်းသားဦးရေကို တိုးမြှင့်ပေးရန် တောင်းဆိုမှုများရှိနေကြောင်း ပါမောက္ခ ဂူဟာကပြောဆိုခဲ့သည်။ ဟာရီပေါ်တာ၊ ဂိမ်းအော့ဖ်သရုန်းစ်၊ စတားထရက် ဇာတ်လမ်းတွဲများအနက် တစ်ခုခုကိုရွေးချယ်သင်ကြားရန် စီစဉ်ခဲ့သော်လည်း ဟာရီပေါ်တာသည်သာ အိန္ဒိယတွင် လူကြိုက်အများဆုံးဖြစ်သောကြောင့် ယခုကဲ့သို့ ရွေးချယ်ရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ဥပဒေကို စာတွေ့သာမကဘဲ ဖြစ်လာနိုင်သည့် အခြေအနေများကို မျှော်မှန်းတွေးဆပြီး ယင်းအခြေအနေများဖြစ်ပျက်လာပါက တုံ့ပြန်နိုင်ရေးအတွက် ရည်ရွယ်ကာ ဟာရီပေါ်တာဇာတ်လမ်းတွဲကို ရွေးချယ် ခဲ့ရခြင်းဖြစ်ကြောင်း ဂူဟာကပြောဆိုခဲ့သည်။

ဟာရီပေါ်တာဇာတ်လမ်းတွဲများတွင် မီဒီယာကို နိုင်ငံရေးအဖွဲ့အစည်းများက ချုပ်ကိုင်ခဲ့သလို လက်တွေ့ဘဝတွင်လည်း အလားတူအဖြစ်အပျက်များကိုမြင်တွေ့နိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။ ဟာရီပေါ်တာဝတ္ထုဇာတ်လမ်းတွဲ ခုနစ်အုပ်များကို ကမ္ဘာတစ်ဝန်းတွင် ဘာသာပေါင်း ၇၉ မျိုးဖြင့် အုပ်ရေ သန်း ၅၀ဝ ကျော်ရောင်းချခဲ့ရသည်။