တောင်မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စစ်ရေးကင်းမဲ့ဇုန်အတွင်း တောင်မြောက်ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းတပ်ဖွဲ့များ မိုင်းရှင်းလင်းရေး ဆောင်ရွက်စဉ်အတွင်း ကိုရီးယားစစ်ပွဲအတွင်းက တောင်ကိုရီးယား စစ်သည်တစ်ဦး၏ ကြွင်းကျန်ရုပ်အလောင်းကို တွေ့ရှိထားကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ကြေညာသည်။
အောက်တိုဘာ ၁ ရက်က စတင်ကာ နယ်စပ်တစ်လျှောက် မိုင်းများကို နှစ်ဖက် ကိုရီးယား စစ်တပ်များက ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလက တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း၏ မြောက်ကိုရီးယားခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် သဘောတူညီချက် ရယူခဲ့သည့် အချက်များအနက် တစ်စိတ်တစ်ပိုင်းအဖြစ် နယ်စပ်မိုင်းရှင်းလင်းရေး လုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။
စစ်ရေးကင်းမဲ့ဇုန်အတွင်း မိုင်းရှင်းလင်းစဉ် သေနတ်တစ်လက်၊ ကျည်တောင့်များနှင့် ပက်ခ် ဂျဲ ကွမ် အမည်ပါသော တောင်ကိုရီးယားစစ်သည်တံဆိပ်တစ်ခုနှင့်အတူ အရိုးစုတစ်စုကို တွေ့ရှိခဲ့သည်။ စစ်တပ်မှတ်တမ်းအရ ပက်ခ်သည် တပ်ကြပ်အဆင့်ဖြစ်ပြီး ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကာလအတွင်း ၁၉၅၃ ခုနှစ်က နယ်စပ်တိုက်ပွဲ၌ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပက်ခ်တွင် အသက်ရှင်နေသေးသော ညီမနှစ်ဦးရှိပြီး အရိုးစုမှရသော ဒီအင်န်အေနှင့် ထိုနှစ်ဦး၏ ဒီအင်န်အေကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
နယ်စပ်ရှိ မြားဦးတောင်ကုန်းသည် ကိုရီးယားစစ်ပွဲအတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်နေရာဖြစ်ကာ တောင်ကိုရီးယား၊ ပြင်သစ်နှင့် အမေရိကန်စစ်သည် ၃၀ဝ ကျော်၏ ရုပ်အလောင်းများ ကျန်ရှိနေသေးကြောင်း သိရသည်။ တရုတ်နှင့် မြောက်ကိုရီးယား စစ်သည်များ၏ ကြွင်းကျန်ရုပ်အလောင်းများလည်း ရှိနေသည်။
တောင်မြောက်ကိုရီးယား နှစ်နိုင်ငံသည် နယ်စပ်မိုင်းရှင်းလင်းရေးလုပ်ငန်းကို နိုဝင်ဘာ ၃၀ ရက်ထိ ဆောင်ရွက်သွားကြမည်ဖြစ်သည်။ နယ်စပ် စစ်ရေးကင်းမဲ့ဇုန်အတွင်း မကောက်ယူရသေးသော ကိုရီးယားစစ်သည် တစ်သောင်း၏ ရုပ်အလောင်းများ ရှိနေနိုင်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက ဆိုသည်။

















