မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ဘဏ္ဍာရေးဆိုင်ရာအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် မိုဟာမတ် အာဝင် ဆရီဂါ အဗ္ဗဒူလာတို့သည် ရင်းဂစ် ၆ ဒသမ ၆၄ ဘီလီယံ( ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ) ပါဝင်သော ငွေများအလွဲသုံးစားလုပ်မှုတွင် ရာဇဝတ်မှုမြောက်စေသော ယုံကြည်စွာအပ်နှံမှုကို ချိုးဖောက်မှုဖြင့် အောက်တိုဘာ ၂၅ ရက်တွင် တရားစွဲဆိုခံခဲ့ရပြီဖြစ်သည်။
နာဂျစ်အား နိုင်ငံပိုင်ရန်ပုံငွေ ၁ အမ်ဒီဘီရှိ ဒေါ်လာဘီလီယံပေါင်းများစွာ အလွဲသုံးစားမှုနှင့်ဆက်စပ်ပြီး အကျင့်ပျက်ခြစားမှု၊ ယုံကြည်မှုချိုးဖောက်မှုနှင့် ငွေမည်းခဝါချမှုများအပါအဝင် ပြစ်မှု ၃၂ မှုတို့ဖြင့် တရားစွဲဆိုခဲ့ပြီး အောက်တိုဘာ ၁၅ ရက်တွင် နောက်ထပ်ပြစ်မှုခြောက်မှုဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအတွင်း နိုင်ငံပိုင်ငွေများကို အလွဲသုံးစားမှုများကို ကျူးလွန်ခြင်းမပြုခဲ့ကြောင်း နာဂျစ်နှင့် ဆရီဂါ အဗ္ဗဒူလာတို့က ထွက်ဆိုခဲ့ကြပြီးဖြစ်သည်။ ရန်ပုံငွေတချို့အား ဆင်းရဲသားများကို ငွေကြေးထောက်ပံ့ပြီး လေဆိပ်စီမံခန့်ခွဲရေးတို့အတွက် လျာထားခဲ့သော်လည်း ယင်းငွေများ နာဂျစ်၏ကိုယ်ပိုင်ဘဏ်ငွေစာရင်းထဲသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း တရားရုံးမှတ်တမ်းများတွင်ဖော်ပြထားသည်။
အောက်တိုဘာ ၂၄ ရက်တွင် ဆရီဂါ အဗ္ဗဒူလာအား မလေးရှားအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်(MACC)အရာရှိများက စစ်ကြောမေးမြန်းပြီးနောက် ဖမ်းဆီးခဲ့သည်။ နာဂျစ်ရာဇတ်သည်လည်း အောက်တိုဘာ ၂၄ ရက်တွင် MACC ရုံးခန်း၌ စစ်ဆေးမေးမြန်းမှုများကို ခံယူခဲ့ရသည်။ နာဂျစ်၏ပါတီရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက်တွင် ရဲတပ်ဖွဲ့ဝင်များက နာဂျစ်နှင့်ပတ်သက်သော နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ရာ ဒေါ်လာ ၂၆၆ သန်းတန်ဖိုးရှိ တန်ဖိုးကြီးလက်ကိုင်အိတ်များ၊ လက်ဝတ်ရတနာများနှင့် ငွေစက္ကူများကို တွေ့ရှိခဲ့သည်။
လက်ကိုင်အိတ် ၅၆၇ အိတ်၊ နာရီ ၄၂၃ လုံး၊ လည်ဆွဲ ၁၄၀ဝ ခု၊ လက်စွပ် ၂၂၀ ခု၊ နားကပ် ၂၈၀ဝ ခုနှင့် သရဖူ ၁၄ ခုတို့အပါအဝင် လက်ဝတ်ရတနာ ၁၂၀ဝ၀ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။ မိသားစုက လက်ဆောင်ရရှိသည့် ပစ္စည်းများသာဖြစ်ကြောင်း နာဂျစ်ကပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်၏ဇနီးတစ်ဦးသည် တန်ဖိုးကြီးလက်ဝတ်ရတနာများနှင့် အခြားလက်ဆောင်များကိုရရှိသည်မှာ မဆန်းလှကြောင်း ရို့စ်မာက ပြောဆိုခဲ့သည်ဟု ၂၀၁၃ ခုနှစ်တွင် ထွက်ရှိခဲ့သည့် အတ္ထုပတ္တိစာအုပ်တွင် ဖော်ပြထားသည်။ ထို့ပြင် ၎င်း၏ သီချင်းအယ်လ်ဘမ်မှလည်း ရင်းဂစ် သန်းပေါင်းများစွာရရှိခဲ့ကြောင်း ရို့စ်မာကပြောဆိုခဲ့သည်။ အယ်လ်ဘမ်ကို အများပြည်သူဝယ်ယူရန် ရောင်းချခဲ့ခြင်းမဟုတ်ဘဲ ၎င်း၏ပရိသတ် အစိုးရဝန်ကြီးများကသာ ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။
၂၀ဝ၉ မှ ၂၀၁၄ ခုနှစ်အတွင်း နာဂျစ်၏ မဟာမိတ်များသည် ရန်ပုံငွေထဲမှ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကို အလွဲသုံးစားလုပ်ခဲ့ကြောင်း အမေရိကန်စုံစမ်းစ်ဆေးသူများကပြောဆိုခဲ့သည်။

















