ပင်လယ်သမုဒ္ဒရာညစ်ညမ်းမှုများကို တားဆီးရန်အတွက် တစ်ခါသုံး ပလတ်စတစ်များကို အဖွဲ့ဝင်နိုင်ငံများတွင် လုံးဝပိတ်ပင်ရန် ဥရောပလွှတ်တော်က အောက်တိုဘာ ၂၄ ရက်တွင် မဲပေးဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ပလတ်စတစ်ဖြင့်ပြုလုပ်သော ခက်ရင်းများ၊ ဓားများ၊ ပန်းကန်ပြားများ၊ ဂွမ်းတပ်ထားသည့် နားကျပ်တံများ၊ အရည်သောက်ရာတွင် သုံးရသည့် ပလတ်စတစ်ပိုက်များ၊ အရည်ကိုမွှေရာတွင် သုံးရသည့် အချောင်းအတံနှင့် ဘောလုံးများတွင်တပ်ဆင်ထားသည့် အချောင်းအတံများကို ပိတ်ပင်ရန် အဆိုကို ဥရောပလွှတ်တော်အမတ်များက ထောက်ခံခဲ့ကြခြင်းဖြစ်သည်။
ပလတ်စတစ်ခွက်များကဲ့သို့ အစားအစာနှင့် အရည်များထည့်ရသည့် ခွက်များ၊ ဗူးများကိုလည်း လျှော့ချသုံးစွဲရန် အဆိုတွင်ဖော်ပြထားသည်။ အရေးယူဆောင်ရွက်ခြင်းမပြုပါက ၂၀၅၀ ပြည့်နှစ်ရောက်ရှိချိန်တွင် သမုဒ္ဒရာများထဲ၌ ငါးထက် ပလတ်စတစ်က ပိုများနေလိမ့်မည်ဖြစ်ကြောင်း အမတ်တစ်ဦးကပြောဆိုခဲ့သည်။
တစ်ခါသုံးပလတ်စတစ်များကိုပိတ်ပင်ရန် ဥရောပကော်မရှင်က မေလတွင် အဆိုပြုခဲ့သည်။ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ ၂၀၂၁ ခုနှစ်ရောက်ရှိချိ်န်တွင် ပိတ်ပင်မှုသက်ရောက်ပြီးဖြစ်နေမည်ဟု ဥရောပသမဂ္ဂက မျှော်လင့်ထားသည်။ ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ပြီးနောက် အသွင်ကူးပြောင်းရေးကာလမကုန်ဆုံးမီတွင် ပိတ်ပင်ချက်လုံးဝသက်ရောက်ခဲ့ပါက ဗြိတိန်သည်လည်း ပိတ်ပင်ချက်များကို အမျိုးသားဥပဒေများတွင် ထည့်သွင်းရေးဆွဲရမည်ဖြစ်သည်။
ဥရောပလွှတ်တော်တွင်း ပိတ်ပင်ချက်အဆိုနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅၇၁ မဲ၊ ကန့်ကွက်မဲ ၊၅၃ မဲတို့ဖြင့်အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ သမုဒ္ဒရာများ၊ သဘာဝပတ်ဝန်းကျင်နှင့် မျိုးဆက်သစ်တို့အတွက် အောင်ပွဲဖြစ်ကြောင်း အဆိုတင်သွင်းခဲ့သည့် အမတ် ဖရက်ဒရစ် ရီးစ်ကပြောဆိုခဲ့သည်။
ပလတ်စတစ်ပုလင်းများ၏ ၉၀ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်ရောက်ရှိချိန်တွင် သုံးပြီးပစ္စည်းများမှ ပြန်လည်ရယူထားသော ဒြပ်ဝတ္ထုဖြင့် ပစ္စည်းအသစ်တစ်ဖန် ပြုလုပ်မှုသို့မဟုတ် ရီဆိုင်ကယ်ပြုလုပ်ပြီးဖြစ်နေရန်လည်း လျာထားထားသည်။ ပင်လယ်တွင်းရှိ ပလစ်စတစ်များ၏ ၂၀ ရာခိုင်နှုန်းမှ ပလစ်စတစ်ပုလင်းများနှင့် အဖုံးများဖြစ်နေကြောင်း ဥရောပသမဂ္ဂ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဥရောပရှိ ပင်လယ်သမုဒ္ဒရာများထဲသို့ ပလတ်စတစ် တန် ၁၅၀ဝ၀ဝ ခန့်ကို နှစ်စဉ်စွန့်ပစ်နေကြောင်း ဥရောပသမဂ္ဂ၏ လေ့လာမှုအရ သိရသည်။

















