ခေါင်းဆောင်ပိုင်းတစ်ဦး ပါကစ္စတန်မှ ပြန်လွတ်မြောက်လာကြောင်း တာလီဘန် ထုတ်ပြန်

ခေါင်းဆောင်ပိုင်းတစ်ဦး ပါကစ္စတန်မှ ပြန်လွတ်မြောက်လာကြောင်း တာလီဘန် ထုတ်ပြန်

ပါကစ္စတန်တွင် ထိန်းသိမ်းခံထားရသော တာလီဘန် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ပါကစ္စတန်အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း တာလီဘန်အဖွဲ့က ထုတ်ပြန်ကြေညာသည်။

ပြန်လွတ်မြောက်လာသူ မူလာ အဗ္ဗဒူ ဂါနီ ဘာရာဒါသည် မူလာ အိုမာ ၏ လက်အောက်တွင် ဒုတိယအကြီးအကဲအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဖဂန်နစ္စတန် တောင်ပိုင်း တာလီဘန် စစ်ဆင်ရေးများကို ဦးဆောင်ကွပ်ကဲခဲ့သူဖြစ်သည်။ ပါကစ္စတန်နိုင်ငံ ကရာချီမြို့တွင် လွန်ခဲ့သော ရှစ်နှစ်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

တာလီဘန် လက်နက်ကိုင်များနှင့် အာဖဂန် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်စေရန်အတွက် အမေရိကန်၏ အစီအစဉ်ဖြင့် မူလာ ဘာရာဒါကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

"ကျန်းမာရေးမကောင်းလို့ ပြန်လွှတ်ပေးလိုက်တာ မဟုတ်ဘူး။ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပါပဲ။ အာဖဂန် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ ပါကစ္စတန်ကလည်း တစ်စိတ်တစ်ဒေသ ပါဝင်လိုတဲ့အတွက် ပြန်လွှတ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်" ဟု တာလီဘန်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

တာလီဘန် တာဝန်ရှိသူများနှင့် အမေရိကန် ထိပ်ပိုင်းသံတမန်အချို့ ကာတာတွင် လျှို့ဝှက်တွေ့ဆုံခဲ့ကြကြောင်း ယခုနှစ် ဇူလိုင်တွင် သတင်းထွက်ပေါ်ခဲ့သည်။ အာဖဂန်တွင် ၂၀၁၄ ခုနှစ်၌ နိုင်ငံတကာတပ်ဖွဲ့များ၏ စစ်ဆင်ရေးများ အဆုံးသတ်ပြီးနောက်ပိုင်း တာလီဘန်တို့၏ သြဇာသည် ပြန်လည်ကြီးမားလာခဲ့သည်ကို တွေ့ရသည်။

အခြား တာလီဘန် ခေါင်းဆောင်နှစ်ဦးကိုလည်း ပါကစ္စတန်က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရန် အမေရိကန်အထူးကိုယ်စားလှယ် ဇယ်လ်မေ ခါလီဇတ်သည် ကဘူးလ်မြို့သို့ ရောက်ရှိပြီး မရှေးမနှောင်းမှာပင် တာလီဘန် ခေါင်းဆောင်ပိုင်းအချို့ကို ပါကစ္စတန်က လွှတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။