အမြန်လမ်းက ခရီးသွားကြမယ်ဆိုရင်

အမြန်လမ်းက ခရီးသွားကြမယ်ဆိုရင်

ပွင့်လင်းရာသီရောက်လာပြီ၊ ပွဲတော်တွေ၊ ပိတ်ရက်တွေကလည်း စောင့်ကြိုနေပြီမို့ အမြန်လမ်းကိုဖြတ်သန်း ခရီးသွားသူတွေလည်း တိုးလာတော့မှာဖြစ်ပါတယ်။ လိုရာခရီးကို ချောချောမွေ့မွေ့ရောက်နိုင်ဖို့အမြန်လမ်းအသုံးပြုသူတွေ အားလုံးဘေးရန်ကင်းစေမယ့်အချက်တွေကို သတိပြုလိုက်နာကြရမှာပါ။

အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မောင်းသူတွေ အိပ်ငိုက်တာ၊ ယာဉ်ကြံ့ခိုင်မှုအားနည်းတာ၊ အရှိန်လွန်မောင်းနှင်တာတွေကြောင့် ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်ပွားရတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲမှူး(ဦးစီး) ရဲမှူးဇာနည်မောင်က မြန်မာတိုင်း(မ်) ကိုပြောပါတယ်။

''အိမ်စီးကားတွေအလိုက် မောင်းနှင်ရမယ့် ကီလိုမီတာတွေကို သတ်မှတ်ထားတယ်။ အဲဒီလိုသတ်မှတ်တာတွေကို တချို့ယာဉ်မောင်းတွေက လက်မခံကြဘူး။ အရှိန်နှေးလို့ဆိုပြီး မမြင်ကွယ်ရာမှာ မောင်းနှင်ခဲ့လို့ ယာဉ်မတော်တဆမှုဖြစ်ခဲ့မယ်ဆိုရင် အဲဒီအကျိုးဆက်ကို ကိုယ်ပဲခံစားရမှာပါ''လို့ သူကပြောပါတယ်။

ရန်ကုန်−မန္တလေး အမြန်လမ်းမကြီးပေါ်မှာ အိမ်စီးကားတွေကို ကီလိုမီတာ ၁ဝဝ အောက်မောင်းနှင်ဖို့ သတ်မှတ်ထားပါတယ်။ ညအချိန်မှာ တစ်ဖက်ကလာတဲ့ ကားမီးရောင်တွေ၊ နေ့အချိန်မှာ လမ်းကွေ့၊ လမ်းဘေးသစ်ပင်တွေက မြင်ကွင်းမပြောင်းလဲတာတွေကြောင့် ယာဉ်မောင်းသူတွေ အိပ်ငိုက်နိုင်တာမို့ ကီလိုမီတာ ၁ဝဝ အောက်မောင်းနှင်ဖို့ သက်ဆိုင်ရာက သတ်မှတ်ထားတာဖြစ်ပါတယ်။ ခရီးသည်တင် မှန်လုံယာဉ်တွေကိုတော့ တစ်နာရီကို ကီလိုမီတာ ၉ဝ နှုန်း၊ သုံးတန်နဲ့အထက် ကုန်တင် (ပစ်ကပ်၊ လိုက်ထရပ်၊ ဗင်နဲ့ ထရပ်) ယာဉ်တွေကိုတော့ တစ်နာရီ ကီလိုမီတာ ၆ဝ နှုန်းထက် ပိုမမောင်းနှင်ဖို့ တားမြစ်ထားပါတယ်။

''အမြန်လမ်းပေါ်မှာဖြစ်တဲ့ ယာဉ်မတော်တဆမှု၊ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုတွေက အရှိန်ပြင်းပြင်း မောင်းနှင်လို့ဖြစ်တာများပါတယ်။ ဒါ့ပြင်အရည်အသွေးမကောင်းတော့တဲ့ တာယာပွတ်တိုက်မှုကြောင့် ဖြစ်တာတွေလည်း ရှိပါတယ်'' လို့အမြန်လမ်းကြီးရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။အမြန်လမ်းမကြီးတစ်လျှောက်မှာ အရှိန်ပြင်းမောင်းနှင်တဲ့ယာဉ်တွေကို အရေးယူဖို့ မြန်နှုန်းအရှိန်တိုင်း ကိရိယာ ၁၅ လုံးခန့်နဲ့ စစ်ဆေးနေပြီး ၂ဝ၁၆ ၊ စက်တင်ဘာ ၁ ရက်ကနေ ၂ဝ၁၈၊ အောက်တိုဘာ ၂၁ ရက်အထိ အမြန်လမ်းမကြီးပေါ်မှာ သတ်မှတ်မိုင်နှုန်းထက် အရှိန်လွန်မောင်းနှင်တဲ့ မော်တော်ယာဉ် ၃၆,၃၉၁ စီးကို အရေးယူခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။အမြန်လမ်းမှာမောင်းနှင်တဲ့အခါ အိပ်ချင်စိတ်မဖြစ်အောင် ဂရုစိုက်ရတယ်လို့ ကုမ္ပဏီယာဉ်မောင်း ကိုကျော်မျိုးထွန်းက ပြောပါတယ်။

''ကားမောင်းတဲ့အချိန်တွေမှာ လမ်းကြောကိုအာရုံစိုက်ပြီးကြည့်ရတော့ သူများတွေလိုပဲ အိပ်ချင်စိတ် ဝင်မိတယ်။ ကိုယ့်ဘေးနားက အဖော်လိုက်လာတဲ့သူကလည်း ငိုက်နေရင်အဆင်မပြေဘူး။ ယာဉ်မောင်းသူအများစုက မအိပ်ငိုက်အောင် ကွမ်းဝါးလေ့ရှိတယ်။ ကွမ်းယာကို တစ်ယာပြီး တစ်ယာ ပါးစပ်ထဲကို ထည့်နေမှ အိပ်ချင်တဲ့စိတ်ကပျောက်တာ။ သီချင်းနားထောင်တာတို့၊ ဘေးက အဖော်တစ်ယောက်ယောက်က စကားပြောနေတာတို့ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။ အခုနောက်ပိုင်း ခရီးသည်တင်ကားတွေမှာ ယာဉ်မောင်းနှစ်ယောက်စီထားကြတယ်'' လို့ နေပြည်တော်ကို ကုန်ပစ္စည်းများပို့ဆောင်သူ ကိုကျော်မျိုးထွန်းက ပြောပါတယ်။ညဘက်အမြန်လမ်းအသုံးပြု ခရီးသွားရတဲ့အခါ စိုးရိမ်စိတ်ဖြစ်မိတယ်လို့ စမ်းချောင်းမြို့နယ်နေ မဆုမြတ်က ပြောပါတယ်။

''မတော်တဆမှုတွေ များလာတော့ ညပိုင်းဟိုက်ဝေးခရီးသွားရင် စိတ်လက်ချမအိပ်နိုင်တော့ဘူး။ နေ့ခင်းပိုင်းတွေမှာတော့ သိပ်ပြဿနာမရှိဘူး။ ညပိုင်းမှာလမ်းကြောက တိတ်ဆိတ်နေတာကြောင့် ကိုယ်စီးတဲ့ကားကို မောင်းနေတဲ့ယာဉ်မှူးတွေ စတီယာရင်ကိုင်ပြီး ငိုက်နေမလားဆိုတာကိုတွေးပြီး ကြောက်မိတယ်'' ရန်ကုန်ကမန္တလေးကို လုပ်ငန်းကိစ္စဖြင့် သွားလာတတ်သူ စမ်းချောင်းမြို့နယ်နေ မဆုမြတ်က ပြောပါတယ်။လမ်းမကြီးတစ်လျှောက်မှာ ယာဉ်အသုံးပြုသူတွေလိုက်နာဖို့ စည်းကမ်းချက်တွေ သတ်မှတ်ထားတဲ့ အသိပညာပေး ဆိုင်းဘုတ်တွေကို စိုက်ထူထားပြီး ယာဉ်မောင်းသူတွေက သတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတွက် တစ်ဖက်တစ်လမ်းက ကူညီရာရောက်ပြီး မိမိအသက်အန္တရာယ်ကင်းရှင်းရေး အတွက်လည်း စောင့်ထိန်းရာရောက်မှာဖြစ်တယ်လို့ ရဲမှူးဇာနည်မောင်က ပြောပါတယ်။

တိုးဂိတ်တွေမှာ ယာဉ်အသုံးပြုသူတွေ ခါးပတ်ပတ်မောင်းနှင်ဖို့၊ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမမောင်းဖို့နဲ့ အမြန်လမ်းမကြီး မိုင်နှုန်းအလိုက် အကူညီတောင်းခံနိုင်တဲ့ ရဲတပ်ဖွဲ့စခန်းတွေရဲ့ ဖုန်းနံပါတ်တွေပါရှိတဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေကို အခါအားလျော်စွာဖြန့်ဝေမှုများနဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကဝန်ထမ်းတွေနဲ့ ပူးပေါင်းကာ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးတာတွေကို ပြုလုပ်လျက်ရှိတယ်လို့လည်း သူကဆိုပါတယ်။

ခါးပတ်ပတ်တာ အမှန်တော့ ကိုယ့်အသက်အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ ပတ်ကြတာပါ။ ယာဉ်တိုက်မှုကြောင့်ပဲဖြစ်ဖြစ်၊ ယာဉ်မတော်တဆမှုကြောင့်ပဲဖြစ်ဖြစ် ကားမောင်းတဲ့သူက . . .

''အရင်နှစ်တွေတုန်းက ဒီထက်ပိုပြီး ယာဉ်တိုက်မှုတွေဖြစ်တယ်။ အခုနောက်ပိုင်း အရှိန်တွေလျှော့ဖို့၊ ခါးပတ်ပတ်ဖို့ အသိပညာပေးတွေလုပ်လာသလို မမြင်ကွယ်ရာမှာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတာတွေကို အရေးယူနေတာကြောင့် ကားတွေ အရင်ကလို သိပ်ပြီးမမောင်းရဲကြတော့ ယာဉ်တိုက် မှု လျော့နည်းလာတာလို့ ထင်ပါတယ်'' လို့ နေပြည်တော်လုပ်ငန်းခွင်က ရန်ကုန်ကို အပတ်စဉ်ပြန်လာတတ်တဲ့ ပညာရေးဝန်ထမ်း ဦးထွန်းထွန်းဦးက ပြောပါတယ်။

၂ဝ၁၈၊ ဇန်နဝါရီကနေ သြဂုတ်အထိ အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှု ၂၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ဦးရေ ၆ဝ၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၇၁ ဦးရှိပါတယ်။ ၂ဝ၁၇ အတွင်း ယာဉ်မတော်တဆမှုပေါင်း ၅၅၅ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁၆ ဦးနဲ့ ထိခိုက်ဒဏ်ရာ ရသူ ၈၆၃ ဦး၊ ၂ဝ၁၆ မှာ ယာဉ်မတော်တဆမှုပေါင်း ၇၄၄ မှု၊ သေဆုံးသူ ၁၆၇ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁,၃ဝ၇ ဦးအထိ ရှိခဲ့ပါတယ်။ယာဉ်မောင်းသူနဲ့ လိုက်ပါစီးနင်းသူတွေ ထိုင်ခုံခါးပတ်ပတ်စီးနင်းဖို့ ၂ဝ၁၆၊ နိုဝင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ပညာပေးခဲ့ပြီး အရေးယူမှုတွေကို ၂ဝ၁၇၊ ဇန်နဝါရီ ၁ ရက်က စတင်ခဲ့ပါတယ်။ ခါးပတ်မပတ်ရင် ဒဏ်ကြေးငွေကျပ် ၃ဝ,ဝဝဝ မှ ကျပ်သုံးသိန်းအတွင်း တရားရုံးအမိန့်အရကောက်ခံအရေးယူမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

''ယာဉ်တိမ်းမှောက်မှုတွေ အများစုက လူကြောင့်ဖြစ်တာများတယ်။ ထိုင်ခုံခါးပတ်မပတ်မိလို့၊ တချို့ယာဉ်တိုက်မှုတွေမှာ လူတွေအပြင်ကို လွင့်ထွက်ကြတာတွေရှိတယ်။ မသေသင့်ဘဲ သေဆုံးခဲ့ရတာတွေပါ'' လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက ပြောပါတယ်။''ကားစီးတဲ့သူ အများစုက ခါးပတ်ပတ်ဖို့ကို အလေးမထားကြဘူး။ ခါးပတ်ပတ်တာ အမှန်တော့ကိုယ့်အသက်အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ ပတ်ကြတာပါ။ ယာဉ်တိုက်မှုကြောင့်ပဲဖြစ်ဖြစ်၊ ယာဉ်မတော်တဆမှုကြောင့်ပဲဖြစ်ဖြစ် ကားမောင်းတဲ့သူက အရှိန်နဲ့သွားနေတဲ့အချိန်မှာ ရုတ်တရက်ဘရိတ်ဖမ်းအုပ်လိုက်မယ်ဆိုရင် ခါးပတ်ပတ်ထားမယ်ဆိုရင် ဟန်ချက်ပျက်သွားတာ၊ ဆောင့်မိတာ၊ ပြုတ်ကျတာမျိုးတွေ မဖြစ်တော့ဘူးပေါ့။ စစ်ဆေးရေး ဂိတ်ရောက်ခါနီးမှ ခရီးသည်တွေကို ခါးပတ် ပတ်မပတ် စစ်မှာကြောက်လို့ ယာဉ်အကူက ခါးပတ်ပတ်ခိုင်းတာတွေရှိသလို ခရီးစဉ်အစကတည်းက မိမိအသက်အန္တရာယ် လုံခြုံဖို့အတွက် ခါးပတ်ပတ်ထားဖို့ သတိပေးစကားပြောတဲ့သူတွေလည်း ရှိတယ်'' လို့ပုဇွန်တောင်မြို့နယ်နေ မထားထားဆွေက ပြောပါတယ်။ တချို့ခရီးသည်တင်ကားတွေမှာ ထိုင်ခုံခါးပတ်တွေက အသုံးပြုမရအောင် တိုနေတာ၊ ကုလားထိုင်အောက်မှာ ဖိညှပ်ထားတာမျိုးတွေလည်း တွေ့ရပါတယ်။

ယာဉ်မောင်းတွေ သတိထားမောင်းနှင်ရမယ့် မိုင်တိုင်တွေကိုလည်း အမြန်လမ်းမကြီး၊ အင်ဂျင်နီယာဌာနက ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မှ -မန္တလေးသွားတဲ့ လမ်းပိုင်းမှာ ကျောက်တံခါးမြို့နယ်က မိုင်တိုင် ၈၄၊ ၈၉၊ ၁ဝဝ နဲ့ ဖြူးမြို့နယ်က မိုင်တိုင် ၁၁၅၊ရေတာရှည်မြို့နယ်က မိုင်တိုင် ၁၆၄ တွေဖြစ်ပြီးမန္တလေး မှ ရန်ကုန် သွားတဲ့လမ်းပိုင်းမှာတော့ လှည်းကူးမြို့နယ်က မိုင်တိုင် ၂ နဲ့ ၈ အနီး၊ ပဲခူးမြို့က မိုင်တိုင်၂၇၊ ၃၃၊ ၄၂၊ ဒိုက်ဦးမြို့နယ်က မိုင်တိုင် ၄၉ နဲ့၅၂၊ ရေတာရှည်မြို့နယ်ရှိ မိုင်တိုင် ၁၇၅၊ ဒက္ခိဏသီရိမြို့နယ်က မိုင်တိုင် ၂ဝ၁ နေရာတွေဖြစ်ပါတယ်။ အဲဒီမိုင်တိုင် ၁၄ ခုဟာ ရန်ကုန်-မန္တလေးလမ်းပိုင်းနဲ့မန္တလေး-ရန်ကုန် လမ်းပိုင်းအသွားအပြန် နှစ်ဖက်စလုံးမှာရှိနေပြီး မိုးရွာရင်ရေဝပ်တာကြောင့် ယာဉ်မတော်တဆမှု အများဆုံးဖြစ်လေ့ရှိတဲ့ နေရာတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အမြန်လမ်းက တချို့နေရာတွေမှာ လမ်းအရည်အသွေး ကျဆင်းနေတာကလည်း ယာဉ်မောင်းသူတွေ ဂရုပြုရမယ့် အချက်တစ်ခုပါပဲ။ အမြန်လမ်းမူလကွန်ကရစ်လမ်းပေါ်ကို ထပ်ပိုးကတ္တရာခင်းပေမဲ့ လှိုင်းနဲ့ အပေါက်တွေ ဖြစ်ပေါ်နေတာရှိပြီး ကတ္တရာအရည်အသွေးကြောင့် ဖြစ်ပွားရတာ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက စက်တင်ဘာလက ပြည်ထောင်စုလွှတ်တော်မှာ လမ်းအရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။အမြန်လမ်းမကြီးမှာ ညပိုင်းသွားလာတဲ့အခါ တချို့နေရာတွေက လမ်းမီးတိုင်အလင်းရောင်မရှိတာကြောင့် ယာဉ်မတော်တဆမှုတွေ မဖြစ်ပွားအောင် ဂရုစိုက်ရတဲ့အပြင် ရာဇဝတ်မှု ကျူးလွန်သူတွေရန်ကိုလည်း သတိထားရတယ်လို့ ယာဉ်မောင်းတွေက ဆိုပါတယ်။

''လမ်းမီးတိုင်က တံတားတွေပေါ်မှာ ဆိုလာစနစ်နဲ့တော့ရှိကြတယ်။ လမ်းတစ်လျှောက်ကတော့ ကားမီးရောင်တွေနဲ့ အုပ်စုဖွဲ့ပြီး သွားကြရတယ်။ တချို့ကားတွေပျက်ရင် လမ်းဘေးကို ချမရပ်ဘူး ကားလမ်းပေါ်တင်ပြီးရပ်ကြတယ်။ အချက်ပြမီးမပြဘူး။မှောင်ကြီးမည်းကြီး နောက်ကနေ ဝင်တိုက်တာတွေလည်း ရှိတယ်'' လို့ ကုမ္ပဏီယာဉ်မောင်း ကိုကျော်မင်းဦးက ပြောပါတယ်။အောက်တိုဘာ ၁ ရက်၊ ည ၁၁ နာရီအချိန်ခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်−မန္တလေး လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၉/၂ နှင့် ၃ အကြားမှာ စက်ပျက်လို့ ရပ်နားထားတဲ့ ကျေးဇူးရှင်ဘုရားဖူးခရီးသည်တင်ယာဉ်ရဲ့နောက်ပိုင်းကို အရိန္ဒမာခရီးသည်တင်ယာဉ်က ဝင်တိုက်မိခဲ့တာကြောင့်လူ ၁၅ ဦး သေဆုံးခဲ့ရပါတယ်။

''အမြန်လမ်းက ကိုယ်ပိုင်ကားတွေဆိုရင် ညအချိန်သွားလို့ မကောင်းဘူး။ လုယက်မှာကို ကြောက်ရတယ်။ ရဲကင်းတစ်ခုနဲ့တစ်ခုကြားကလည်း ဝေးတယ်။ကိုယ်ပိုင်ကားလေးတွေမပြောနဲ့ ခရီးသည်တင် ယာဉ်ကြီးတွေတောင် သူအုပ်စုနဲ့သူ စီတန်းပြီး ရှေ့နောက်မကွာသွားနေကြရတယ်။ ဒီကြားထဲမှာ ကိုယ်တွေ ကိုယ်ပိုင်ကားလေးတွေက ခရီးသည်တင်ကားနေတွေနဲ့အတူ လိုက်ပါသွားနေရတယ်'' လို့ ကိုကျော်မင်းဦးက ပြောပါတယ်။ဒုစရိုက်မှုကျူးလွန်သူတွေဟာ အုပ်စုဖွဲ့ကျူးလွန်ခြင်း၊ လမ်းပေါ်တွင် ယာဉ်တိမ်းမှောက်၊ ယာဉ်ဘီးပေါက်မှုဖြစ်ပွားအောင် စူးသီးများချကာ အကွက်ချစီစဉ်မှုများရှိခြင်း စတာတွေကိုလည်း မကြာခဏ တွေ့ကြုံနေရလို့ ကိုယ်ပိုင်ယာဉ်အများစုက နေ့အချိန်မှာသွားလာမှု ပိုများကြတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

အမြန်လမ်းပေါ်တွင် နေ့စဉ်သွားလာနေတဲ့ ခရီးသည်တင်ကားနဲ့ အိမ်စီးကား အစီးရေ ၁၂,ဝဝဝ ခန့်ရှိနေကြောင်း အမြန်လမ်းအင်ဂျင်နီယာဌာနရဲ့ စစ်တမ်းတွေအရသိရပါတယ်။ ပျော်ရွှင်စွာ ခရီးပန်းတိုင်ရောက်ရှိဖို့ သတိနဲ့ယှဉ် မောင်းနှင်ကြဖို့ကတော့ အရေးအကြီးဆုံးပါပဲ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021