အမေရိကန်ပိတ်ဆို့အရေးယူမှုကြေညာအပြီး အီရန်၏ ပြည်ပသို့ရေနံစိမ်းတင်ပို့နိုင်မှု စည် ၁ ဒသမ ၉ သန်းအထိ ကျဆင်း

အမေရိကန်ပိတ်ဆို့အရေးယူမှုကြေညာအပြီး အီရန်၏ ပြည်ပသို့ရေနံစိမ်းတင်ပို့နိုင်မှု စည် ၁ ဒသမ ၉ သန်းအထိ ကျဆင်း

အမေရိကန်ပိတ်ဆို့အရေးယူမှု မေလမှစတင်ကြေညာပြီးနောက်ပိုင်းတွင် အီရန်နိုင်ငံ၏ပြည်ပသို့ ရေနံစိမ်းတင်ပို့နိုင်မှုကျဆင်းလာကြောင်း အောက်တိုဘာ ၂၄ ရက်က ထုတ် ပြန်သော အမေရိကန်စွမ်းအင်သတင်းအချက်အလက်စီမံရေးဌာန (EIA) စာရင်းအရ သိရသည်။

အဆိုပါ အမေရိကန်စွမ်းအင် သတင်းအချက်အလက်စီမံရေးဌာန (EIA) စာရင်းကဖော်ပြရာတွင် အီရန်၏ရေနံစိမ်းတင်ပို့မှုမှာ ၂၀၁၈ ခုနှစ်ဇွန်လတွင် ထိပ်ဆုံးသို့ ရောက်ခဲ့ပြီး တစ်နေ့လျှင် ရေနံစိမ်းစည် ၂ ဒသမ ၇ သန်းခန့်ရှိကြောင်း၊ ယခုနှစ်ပထမလေးလ၏ ပျမ်းမျှတစ်နေ့ပို့နှုန်းထက် စည်သုံးသိန်းခန့်ပိုကြောင်း သိရသည်။

လွန်ခဲ့သည့်စက်တင်ဘာလ တွင် အီရန်၏ရေနံစိမ်းတင်ပို့မှုမှာ တစ်နေ့လျှင် ရေနံစိမ်းစည် ၁ ဒသမ ၉ သန်းခန့်ရှိ ကြောင်း၊ အမေရိကန်ပိတ်ဆို့အရေးယူမှု မေလမှစတင်ကြေညာပြီးနောက်ပိုင်းတွင် အီရန်နိုင်ငံ၏ ပြည်ပသို့ ရေနံစိမ်းတင်ပို့နိုင်မှုကျဆင်းလာခြင်းသက်သက်လား၊  အခြားအကြောင်းရင်းများရှိသေးသလားဆိုသည်မှာ မသဲကွဲကြောင်းဆိုသည်။ အီရန်၏ရေနံပို့ကုန် ကျဆင်းနှုန်းမှာ ထုတ်လုပ်မှုနှုန်းထက်ပင် ပိုမြန်နေသည်။

ကုန်သွယ်ရေးသတင်း များအရ နိုင်ငံများစွာတို့မှာ အီရန်သွင်းကုန်များအားဖြတ်တောက်နေရာ အချို့သော အီရန်သင်္ဘော များမှာ သင်္ဘောတင်ပြီးရေနံစိမ်းများအား ရေပေါ်သိုလှောင်ရုံသဖွယ်ဖြစ်နေကြောင်း သိရသည်။