မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သည် တိုင်းနှင့်ပြည်နယ် အသက် ၂၃ နှစ်အောက် ရိုးရာလှေလှော်ပြိုင်ပွဲကို မန္တလေးမြို့ ကျုံးဧရိယာအတွင်းရှိ အနောက်ဘက်ကျုံးရေပြင်၌ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ လှေလှော်အားကစားနည်းအပေါ် ပြည်သူများ ပိုမိုစိတ်ဝင်စားလာစေရေးအတွက် ဖြစ်ကြောင်း လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြေဆိုခဲ့သည်။
ကျင်းပမည်
အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၂၇ နှင့် ၂၈ ရက်တို့တွင် မန္တလေး အနောက်ဘက်ကျုံးရေပြင်ပေါ်၌ ကျင်းပမည်ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံးကို မီတာ ၂၀ဝ ပြိုင်ပွဲနှင့် မီတာ ၅၀ဝ ပြိုင်ပွဲများအဖြစ် ယှဉ်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲနှစ်မျိုးစလုံး၌ ငါးတက်လှော်၊ ခုနစ်တက်လှော်နှင့် ၁၀ တက်လှော် ပွဲစဉ်သုံးမျိုးစီ ပါဝင်မည် ဖြစ်သည်။ အမျိုးသားနှင့်အမျိုးသမီးအရော ပွဲစဉ်ကိုမူ မီတာ ၂၀ဝ နှင့် မီတာ ၅၀ဝ ပြိုင်ပွဲနှစ်မျိုးဖြင့် ၁၀ တက်လှော်ပွဲစဉ်အဖြစ် ကျင်းပမည် ဖြစ်သည်။
ပိုပြီးအကျိုးရှိ
" တိုင်းနဲ့ပြည်နယ် ရိုးရာလှေပြိုင်ပွဲကို ရန်ကုန်တစ်မြို့တည်းမှာ ကျင်းပတာထက် အခြားနယ်မြေတွေမှာလည်း တစ်လှည့်စီ ကျင်းပပေးတာက ပိုပြီးတော့ အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် လှေလှော်အားကစားနည်းအပေါ် ပြည်သူတွေ စိတ်ဝင်စားမှု မြင့်တက်သည်ထက် မြင့်တက်လာစေဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ မန္တလေးကျုံးရေပြင်ဟာ လမ်းသွားလမ်းလာတွေ၊ အပန်းဖြေနားနေတဲ့သူတွေနဲ့ လူစည်ကားတဲ့နေရာပါ။ ဒီလိုနေရာမှာ ပြိုင်ပွဲလုပ်တဲ့အတွက် လှေအားကစားအပေါ် ပြည်သူလူထု စိတ်ဝင်စားမှု ပိုမို ရရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် အနောက်ဘက်ကျုံးရေပြင်မှာ ဒီပြိုင်ပွဲကို ပြုလုပ်တာပါ " ဟု ဦးသောင်းထိုက်မင်းက ပြောဆိုခဲ့သည်။
ကာကွယ်တားဆီး
ဆက်လက်ပြီး ဒေသအနှံ့လှည့်လည်ပြီး ပြိုင်ပွဲကျင်းပခြင်းသည် ယင်းဒေသဝန်းကျင်အတွင်းရှိ လူငယ်လူရွယ်များ၏ အားကစားအပေါ် စိတ်ပါဝင်စားမှုများ မြင့်တက်လာစေနိုင်သည်နှင့်အမျှ အခြားလမ်းမှားများသို့ ရောက်ခြင်းမှလည်း ကာကွယ်တားဆီးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့သည်။ ယခုပြိုင်ပွဲသို့ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတို့နှင့် နေပြည်တော်ကောင်စီဒေသတို့မှ အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၀ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။















