အမေရိကန်ပြည်ထောင်စုတွင် သမ္မတဟောင်း ဘားရက်အိုဘားမားအပါအဝင် ထိပ်သီးပုဂ္ဂိုလ်များထံ ပါဆယ်ဗုံးဟု သံသယရှိဖွယ်စာအိတ်များပေးပို့ခဲ့မှုနှင့် ကြံရွယ်ချက်ကို ပြည်ထောင်စုထောက်လှမ်းရေးဗျူရို (အက်ဖ်ဘီအိုင်)က ဆက်လက် စုံစမ်းစစ်ဆေးနေသည်။
မိုင်ယာမီမှ အိုပါလော့ကာစာတိုက်တွင် ဗုံးရှင်းတပ်ဖွဲ့နှင့်အတူ အက်ဖ်ဘီအိုင်က ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း အမေရိကန်သတင်းများက ဖော်ပြခဲ့သည်။ အနည်းဆုံး ဖလော်ရီဒါမှတစ်ဦးက စာအိတ်များပေးပို့ခဲ့ကြောင်းလည်း ပြောဆိုခဲ့သည်။
အက်ဖ်ဘီအိုင်၏ထုတ်ပြန်ချက်အရ သံသယရှိဖွယ်စာအိတ်ပို့ဆောင်ခံရသူများမှာ သမ္မတဟောင်း အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်၊ စီအင်န်အင်န်၌ လုပ်ကိုင်နေသူ စီအိုင်အေဒါရိုက်တာဟောင်း ဂျွန်ဘရဲနန်၊ ရှေ့နေချုပ်ဟောင်း အဲရစ်ဟိုလ်ဒါ၊ ဒီမိုကရက်တစ်အမတ် မဇင်ဝါးတားစ်၊ သူဌေး ဂျော့ဆိုရော့စ်၊ ရုပ်ရှင်သရုပ်ဆောင် ရောဘတ်ဒီနီးရိုးတို့ ဖြစ်ကြသည်။ မည်သည့်စာအိတ်မျှ ပေါက်ကွဲခဲ့ခြင်းမူ မရှိခဲ့ပေ။
စီအင်န်အင်န်သတင်းဌာနသို့လည်း သံသယရှိဖွယ်စာအိတ်ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက်ညနေပိုင်းတွင် ဗုံးလှန့်မှုဖြစ်ပွားခဲ့သေးသည်။ စာအိတ်များတွင် ပေါင်ဒါမှုန့်များတွေ့ရကြောင်း အက်ဖ်ဘီအိုင်ကအတည်ပြုခဲ့ပြီး ဇီဝလက်နက် ခြိမ်းခြောက်မှုမူ မဟုတ်ကြောင်း၊ အက်ဖ်ဘီအိုင်ဓာတ်ခွဲခန်းတွင် စူးစမ်းခြင်းဖြစ်ကြောင်း သိရသည်။ စာအိတ်များသည် ပေါက်ကွဲရန်ရည်မှန်းခြင်းမဟုတ်ဘဲ ဖောက်ခွဲမည်ဟု ခြိမ်းခြောက်သည့်သဘောဖြစ်ကြောင်း နယူးယောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ယင်းသို့ခြိမ်းခြောက်သည့် ပါဆယ်စာအိတ်များပေးပို့ခြင်းသည် သမ္မတဒေါ်နယ်ထရမ့်ကို ဝေဖန်မှုအဖြစ် အများစုက ရှုမြင်ကြောင်း အမေရိကန်သတင်းများက ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံရေး၌ သဘောထားကွဲပြားမှု မြင့်မားနေပြီး သက်တမ်းဝက်ရွေးကောက်ပွဲကျင်းပရန် နှစ်ပတ်အလိုတွင် ယင်းကဲ့သို့ခြိမ်းခြောက်မှုပေါ်ပေါက်ခြင်းသည် တိုက်ဆိုက်မှု မဟုတ်ကြောင်းရေးသားခဲ့ကြကြောင်းလည်း သိရသည်။

















