ဗဟိုအမေရိကဒေသမှနေ၍ မက္ကဆီကိုကိုဖြတ်သန်းကာ အမေရိကန်ပြည်ထောင်စုသို့ ဦးတည်လာနေသည့် ရွှေ့ပြောင်းအခြေချလိုသူများကို တားဆီးရန် တောင်ပိုင်းနယ်စပ်သို့ အနည်းဆုံး အမေရိကန်စစ်တပ်မှ တပ်ဖွဲ့ဝင် ၈၀ဝ ခန့် စေလွှတ်ရန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက စီစဉ်နေကြောင်း သိရသည်။
နယ်စပ်သို့ ယင်းတပ်ဖွဲ့စေလွှတ်မည့်အမိန့်ကို ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်က လက်မှတ်ရေးထိုးရန် မျှော်လင့်ရပြီး ယင်း၌ရှိသည့် အမျိုးသားအစောင့်တပ်ကိုအားဖြည့်မည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက အောက်တိုဘာ ၂၆ ရက်၌ ပြောဆိုခဲ့သည်။ လက်ရှိတွင် တောင်ပိုင်းမက္ကဆီကိုဆီ အများစုခြေလျင်ဖြင့် ဦးတည်နေသည့် ယင်းခိုလှုံသူများကို သတိပြုရန် သမ္မတထရမ့်က လွန်ခဲ့သည့်ရက်များအတွင်းက ဆော်သြခဲ့သည်။ သို့သော် ၄င်းတို့သည် အမေရိကန်မှ မိုင် ၁၀ဝ၀ ကျော်အကွာတွင် ရှိနေဆဲဖြစ်သည်။
လူဝင်မှုတင်းကျပ်ရေးကို ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲကတိအဖြစ် ကြေညာခဲ့သည့် သမ္မတထရမ့်သည် ယင်းအရေးကိုပင် နိုဝင်ဘာ ၆ ရက်၌ ကျင်းပမည့် သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲများအတွက် ထိပ်တန်းလှုံ့ဆော်မှုအဖြစ် အသုံးပြုရန် စိတ်အား ထက်သန်ဆဲဖြစ်သည်။ ပုံမှန်အားဖြင့် အမျိုးသားအစောင့်တပ်ကို နယ်စပ် လုံခြုံရေးတွင် တာဝန်ပေးလေ့မရှိိသော်လည်း သဘာဝဘေးသင့်မှုကဲ့သို့ကိစ္စများတွင် ဆင့်ခေါ်လေ့ရှိသည်။
၁၉၉၇ ခုနှစ်က မူးယစ်ဆေးတိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုတွင် တက္ကဆပ်၌ ဆိတ်ကျောင်းသားတစ်ဦးကို ကမ်းတက်တပ်သားတစ်ဦးက မှားယွင်းပစ်ခတ်သတ်ဖြတ်မိသည့်နောက် အမေရိကန်နယ်စပ်တွင် လက်နက်ကိုင်စစ်တပ် အသုံးပြုခြင်း ရှောင်ရှားခဲ့သည်။
စစ်ဘက်သည် နယ်စပ်လှည့်ကင်းတပ်ဖွဲ့အား မော်တော်ယာဉ်၊ တဲများနှင့် အခြားအသုံးအဆောင်များ ကူညီပေးခြင်းဖြင့်သာ တာဝန်ထမ်းလေ့ရှိသည်။ ပင်တဂွန်စစ်ဌာနချုပ်၏ စီစဉ်မှုဖြင့် အမျိုးသားအစောင့်တပ် တပ်ဖွဲ့ဝင် ၂၀ဝ၀ ခန့် ချထားပြီးဖြစ်ကြောင်းလည်း သိရသည်။

















