အီသီယိုးပီးယား၌ ပထမဆုံး အမျိုးသမီးသမ္မတတစ်ဦးကို ရွေးကောက်တင်မြှောက်

အီသီယိုးပီးယား၌ ပထမဆုံး အမျိုးသမီးသမ္မတတစ်ဦးကို ရွေးကောက်တင်မြှောက်

အီသီယိုးပီးယားနိုင်ငံရှိ လွှတ်တော်အမတ်များသည် အောက်တိုဘာ ၂၅ ရက်တွင် အမျိုးသမီးတစ်ဦးကို သမ္မတအဖြစ် တစ်ညီတစ်ညွတ်တည်းရွေးကောက်တင်မြှောက်လိုက်ပြီဖြစ်သည်။

ဝါရင့်သံတမန် ဆာလေ-ဝေါ့ခ် ဇျူဒေသည် အီသီယိုးပီးယား၌ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်သည်။ အီသီယိုးပီးယား၌ သမ္မတရာထူးသည် သြဇာမရှိဘဲ အဆောင်အယောင်ရာထူးသာဖြစ်သော်လည်း ဆာလေ-ဝေါ့သည် အာဖရိက၌ လက်ရှိအချိန်တွင် တစ်ဦးတည်းသော နိုင်ငံခေါင်းဆောင်ဖြစ်နေခဲ့သည်။ အာဖရိကတိုက်၏ပထမဆုံး အမျိုးသမီးသမ္မတမှာ လိုင်ဘေးရီးယားရှိ အယ်လန် ဂျွန်ဆင် ဆာလိဖြစ်ပြီး ၎င်းသည် ယခုနှစ်အစောပိုင်းတွင် ခေါင်းဆောင်သက်တမ်းကုန်ဆုံးခဲ့သည်။

"အမျိုးသမီးတွေက ထူးခြားမှုတွေလုပ်နိုပါတယ်၊ ကျွန်မတို့ ရှင့်အတွက် ဂုဏ်ယူပါတယ်"ဟု ကုလသမဂ္ဂအထွေထွေညီလာခံ၏ အမျိုးသမီးဥက္ကဋ္ဌ မာရီယာ ဖာနန်ဒါ အီစပီနိုဆာ ဂါဆေစ်က ပြောဆိုခဲ့သည်။ အမျိုးသားများ ကြိုးစိုးသော လူ့အဖွဲ့အစည်းတွင် အမျိုးသမီးတစ်ဦးအား နိုင်ငံခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းသည် အနာဂတ်အတွက် စံနှုန်းသတ်မှတ်ခြင်းဖြစ်သလို အစိုးရရာထူးများတွင် အမျိုးသမီးများအား ဆုံးဖြတ်ချက်ချမှတ်သူများအဖြစ် သတ်မှတ်မှုလည်း ပုံမှန်သဘောဖြစ်သွားခဲ့ကြောင်း ဝန်ကြီးချုပ် အဘီအာမတ်၏ဝန်ထမ်းရေးရာဦးစီးအရာရှိက တွစ်တာ၌ ရေးသားခဲ့သည်။

လွန်ခဲ့သောအပတ်တွင်လည်း အီသီယိုးပီးယားလွှတ်တော်အမတ်များသည် အမျိုးသမီး ၅၀ ရာခိုင်နှုန်းပါဝင်သော ဝန်ကြီးအဖွဲ့ကို အတည်ပြုပေးခဲ့သည်။ ဝန်ကြီးအဖွဲ့တွင် ပထမဆုံး အမျိုးသမီးကာကွယ်ရေးဝန်ကြီးလည်းပါဝင်ခဲ့သည်။ ထို့ပြင် ငြိမ်းချမ်းရေးဝန်ကြီးဌာနကိုလည်း အမျိုးသမီးတစ်ဦးက ဦးဆောင်ဦးမည်ဖြစ်သည်။

ရဝမ်ဒါသည်လည်း အမျိုးသမီး ၅၀ ရာခိုင်နှုန်းပါဝင်သော ဝန်ကြီးအဖွဲ့စာရင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ငြိမ်းချမ်းရေးအဓွန့်ရှည်ကြာတည်တံရေးတွင် အမျိုးသမီးများ၏ဦးဆောင်ပါဝင်မှုသည် မရှိမဖြစ်အရေးပါကြောင်း အာဖရိကတိုက်က ဦးဆောင်ပြသလိုက်ပြီဖြစ်သည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယို ဂူတာရက်စ်ကပြောဆိုခဲ့သည်။