သမ္မတထရမ့်၏ဖုန်းကို တရုတ်ကြားဖြတ်နားထောင်ဆိုမှု သတင်းတုသာဖြစ် ထရမ့် အိုင်ဖုန်းအစား ဟွာဝေးဖုန်း ပြောင်းသုံးသင့်ကြောင်း တရုတ်ပြောဆို

သမ္မတထရမ့်၏ဖုန်းကို တရုတ်ကြားဖြတ်နားထောင်ဆိုမှု သတင်းတုသာဖြစ် ထရမ့် အိုင်ဖုန်းအစား ဟွာဝေးဖုန်း ပြောင်းသုံးသင့်ကြောင်း တရုတ်ပြောဆို

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ဖုန်းပြောဆိုမှုများကို တရုတ်အစိုးရက ကြားဖြတ်နားထောင်နေကြောင်း နယူးယောက်တိုင်းမ်သတင်းစာ၏ဖော်ပြချက်သည် သတင်းတုသာဖြစ်ပြီး ထရမ့်သည် အိုင်ဖုန်းအစား တရုတ်နည်းပညာကုမ္ပဏီဟွာဝေးကထုတ်လုပ်သော ဆဲလ်ဖုန်းကိုသာ ပြောင်းလဲအသုံးပြုသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဟွာချွန်ယင်းက အောက်တိုဘာ ၂၅ ရက်တွင် ပြောဆိုခဲ့သည်။

နယူးယောက်တိုင်းမ်ရှိ အဆိုပါသတင်းကိုရေးသားခဲ့သည့် သတင်းထောက်များသည် အကောင်းဆုံးဇာတ်ညွှန်းဆုရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေကြောင်း ဟွာကပြောဆိုခဲ့သည်။ နယူးယောက်တိုင်းမ်သည် သတင်းတုများကိုဖန်တီးနေကြောင်း ယခုဖြစ်ရပ်က သက်သေခံနေပြီး နယူးယောက်တိုင်းမ်သည် သတင်းတုများကို လုပ်ကြံဖန်တီးနေသည်ဟု ထရမ့်ကပြောဆိုမှုသည်လည်း မှန်ကန်သွားပြီဖြစ်ကြောင်း ဟွာက ပြောဆိုခဲ့သည်။

ယင်းကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပါက အမေရိကန်သမ္မတသည် အိုင်ဖုန်းနေရာတွင် ဟွာဝေးဖုန်းများကို ပြောင်းလဲအသုံးပြုရန် အကြံပြုလိုကြောင်း ၎င်းကပြောဆိုခဲ့သည်။ ဟွာဝေးထုတ် နည်းပညာပစ္စည်းများသည် လုံခြုံရေးအန္တရာယ်ရှိကြောင်း ကွန်ဂရက်စ်ရှိအထူးကော်မတီတစ်ရပ်၏ ၂၀၁၂ ခုနှစ်ထုတ် အစီရင်ခံစာတွင်ဖော်ပြထားသည်။ အမေရိကန်အစိုးရအရာရှိများ ဟွာဝေးထုတ်ပစ္စည်းများကိုအသုံးမပြုရန် အမေရိကန်အစိုးရက ပိတ်ပင်ထားသည်။

အမေရိကန်သည် လုံခြုံရေးနှင့်ပတ်သက်၍ ပူပန်နေဆဲဖြစ်ပါက ထရမ့်သည် ခေတ်သစ်ဆက်သွယ်ရေးနည်းပညာပစ္စည်းအားလုံးကို စွန့်လွှတ်ပြီး ပြင်ပကမ္ဘာနှင့် လုံးဝအဆက်အသွယ်ဖြတ်သင့်ကြောင်း ဟွာကပြောဆိုခဲ့သည်။ ထရမ့်က ၎င်း၏အိုင်ဖုန်းဖြင့် မိတ်ဆွေများအား ဖုန်းခေါ်ဆိုမှုများကို တရုတ်နှင့် ရုရှားထောက်လှမ်းရေးများက စောင့်ကြည့်နားထောင်နေပြီး ထရမ့်အပေါ် သြဇာသက်ရောက်ရေးနှင့် ထရမ့်အစိုးရ၏မူဝါဒများအပေါ် လွှမ်းမိုးနိုင်ရန်အတွက် ယင်းသတင်းအချက်အလက်များကို အသုံးချနေကြောင်း နယူးယောက်တိုင်းမ်က အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာများကို ကိုးကားဖော်ပြခဲ့သည်။

အစိုးရဖုန်းများကိုသာအသုံးပြုနေကြောင်း ထရမ့်က အောက်တိုဘာ ၂၅ ရက်တွင် တွစ်တာ၌ တုံ့ပြန်ရေးသားခဲ့သည်။ နယူးယောက်တိုင်းမ်၏ဖော်ပြချက်သည် မမှန်ကန်သော သတင်းအချက်အလက်ဖြစ်ပြီး  သမ္မတ၏ဖုန်းပြောဆိုမှုများကို လုံခြုံရေးနည်းစနစ်များနှင့်အညီ ထိန်းသိမ်းစောင့်ကြပ်ပေးခဲ့ကြောင်း အိမ်ဖြူတော်၏ပြောခွင့်ရှိသူ ဟိုဂန် ဂစ်တ်လေက ပြောဆိုခဲ့သည်။