တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံ နယ်စပ်ရှိ ပန်မွန်ဂျွန်ကျေးရွာ၌ အောက်တိုဘာ ၂၆ ရက်တွင် စစ်ရေးအရ ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံကြားရှိ ဆက်သွယ်ရေးကို ဆက်လက်ထားရှိပြီး တင်းမာမှုများနှင့် စစ်ရေးအရ မတော်တဆထိပ်တိုက်ဆုံမှုများကိုရှောင်ရှားရန်အတွက် ပူးတွဲစစ်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယားဗိုလ်ချုပ် ကင် ဒိုဂန်က ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်တို့ လွန်ခဲ့သောလတွင် ပြုံယမ်း၌ ထိပ်သီးအစည်းအဝေးကျင်းပစဉ်အတွင်း ဆွေးနွေးပွဲငယ်များတွင်ရရှိခဲ့သည့် စစ်ရေးသဘောတူညီမှုကြီးများအနက်တစ်ခုဖြစ်သည့် ကော်မတီဖွဲ့စည်းရန်ဆိုသည့် သဘောတူညီမှုကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။
ကိုရီးယားနှစ်နိုင်ငံနှင့် အမေရိကန်ဦးဆောင်သော ကုလထိန်းချုပ်ရေးအဖွဲ့တို့သည် နယ်စပ်ကျေးရွာရှိ နှစ်နိုင်ငံထိန်းချုပ်နယ်မြေမှ တပ်များနှင့် လက်နက်များကို ဖယ်ရှားမှုပြီးစီးပြီး တစ်ရက်အကြာတွင် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကိုရီးယားနှစ်နိုင်ငံသည် ရှေ့တန်းနယ်မြေများရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းနေပြီဖြစ်ပြီး ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်သားများ၏ရုပ်ကြွင်းများကို ပထမဆုံးအကြိမ်ပူးပေါင်းရှာဖွေရန်လည်း စီစဉ်ခဲ့သည်။
ထို့ပြင် ကိုရီးယားနှစ်နိုင်ငံသည် နှစ်နိုင်ငံ ကုန်းမြေနှင့် ရေပိုင်နက်နယ်စပ်တစ်လျှောက် ကြားနယ်မြေများထားရှိမည်ဖြစ်သလို နယ်စပ်တစ်လျှောက်တွင်လည်း လေယာဉ်မပျံသန်းရနယ်မြေသတ်မှတ်မည်ဖြစ်ကာ ရှေ့တန်းရှိ အစောင့်စခန်း ၁၁ ခုကို ဒီဇင်ဘာမတိုင်မီ အပြီးဖယ်ရှားရန်လည်း သဘောတူညီခဲ့ကြသည်။
စစ်ရေးသဘောတူညီမှုသည် ယုံကြည်မှုတည်ဆောက်ရေးအဆင့်တစ်ခုဖြစ်ပြီး ယင်းကြောင့် နယ်စပ်တင်းမာမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း မွန်းက ပြောဆိုခဲ့ပြီးဖြစ်သည်။ သို့သော် မြောက်ကိုရီးယားက နျူလက်နက်ဖျက်သိမ်းရေးအတွက် တိကျသော လုပ်ဆောင်မှုများကို မပြုလုပ်ရသေးမီတွင် တောင်ကိုရီးယားက ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် စစ်ရေးအင်အားကို လျှော့ချသလိုဖြစ်နေကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။

















