ဆော်ဒီသတင်းစာဆရာ ဂျမဲလ်ခါရှောဂီ သတ်ဖြတ်ခံခဲ့ရပုံ အထောက်အထားများသည် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ဆော်ဒီအာရေဗျတို့က စွပ်စွဲပြောဆိုလိုက်ပြီး အမေရိကန်တွင် စီအိုင်အေဒါရိုက်တာ ဂီနာဟာ့စ်ပဲလ်က ခါရှောဂီ သတ်ဖြတ်ခံခဲ့ရပုံကို သမ္မတ ဒေါ်နယ်ထရမ့်ထံ အတိုချုပ်ရှင်းပြခဲ့သည်။
အောက်တိုဘာ ၂ ရက်က တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း စာရွက်စာတမ်းကိစ္စ ဝင်ရောက်ခဲ့ရာမှ ပျောက်ဆုံးခဲ့သည့် ဆော်ဒီသတင်းသမားခါရှောဂီသည် ဆိုးသွမ်းသည့် ဆော်ဒီအေးဂျင့်တစ်ခု၏ အသတ်ခံရခြင်းဖြစ်ကြောင်း အချင်းဖြစ်ပြီး နှစ်ပတ်ကျော်မှ အတည်ပြုခဲ့သည့် ဆော်ဒီတို့သည် အသတ်ခံရကြောင်း အထောက်အထားများသည် ကြိုတင် စီစဉ်ထားသည့်သက်သေခံများဖြစ်ကြောင်း ပြောဆိုလိုက်ပြန်ခြင်းဖြစ်သည်။
ခါရှောဂီသည် သံရုံးတွင်းမှ ကောင်းမွန်စွာပြန်လည်ထွက်ခွာခဲ့ကြောင်း၊ လက်သီးချင်းထိုးသည့်ရန်ပွဲတွင် သေဆုံးခဲ့ကြောင်း၊ ဆိုးသွမ်းသည့်အေးဂျင့်များ၏ အသတ်ခံရကြောင်း ဟူ၍ ဆော်ဒီတို့က အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးဖြစ်သည်။
စီအိုင်အေဒါရိုက်တာ မစ္စဟာ့စ်ပဲလ်သည် တူရကီ၌ ခါရှောဂီ သတ်ဖြတ်ခံရပုံအသံဖိုင်အား နားထောင်ခဲ့ရကြောင်း သတင်းများထွက်ပေါ်ပြီးနောက် သမ္မတထံအစီရင်ခံကြောင်း သတင်း ထပ်မံထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဆော်ဒီ၌ ခါရှောဂီသေဆုံးပြီးနောက် နိုင်ငံထောက်လှမ်းရေးကိုပြန်လည်ဖွဲ့စည်းရန် ဖွဲ့စည်းခဲ့သည့် ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆဲလ်မန်ခေါင်းဆောင်သည့် ကော်မတီ၏ ပထမဆုံးအစည်းအဝေးကို အောက်တိုဘာ ၂၅ ရက်က ကျင်းပခဲ့ပြီး ခါရှောဂီသတ်ဖြတ်မှု တာဝန်ရှိသူများကို အပြစ်ပေးမည်ဖြစ်ကြောင်း ဆဲလ်မန်ကပြောဆိုခဲ့သည်။
ဆော်ဒီသို့ရောက်ရှိခဲ့ပြီး ဘုရင်နှင့်အိမ်ရှေ့စံတို့နှင့် တွေ့ဆုံခဲ့ပြီး ခရီးသွားခွင့်ပိတ်ပင်ခံရသည်ဆိုသည့် ခါရှောဂီ၏သားကြီး ဆာလက်ခါရှောဂီသည် အောက်တိုဘာ ၂၅ ရက်က ဆော်ဒီအာရေဗျမှ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့ပြီး အမေရိကန်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ အမေရိကန်နှင့်ဆော်ဒီ နှစ်နိုင်ငံသားခံယူထားသည့် ၄င်းဆော်ဒီမှ ပြန်လည် ထွက်ခွာခွင့်ရရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ဆော်ဒီတို့နှင့် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

















