တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ခုံချင်းမြို့တွင် မူကြိုကျောင်းဝင်းအတွင်းသို့ အမျိုးသမီးတစ်ဦးက ဓားဖြင့်ဝင်ခုတ်မှုကြောင့် ကလေး ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။
အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဘန်နန်ခရိုင်အတွင်းရှိ မူလတန်းကျောင်းဝင်းသို့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးက ဓားကိုင်ကာ ဝင်ခုတ်ခြင်းဖြစ်သည်။ ထိုအချိန်တွင် ကလေးများသည် ကစားကွင်းထဲ၌ ကစားနေကြချိန်ဖြစ်ကြောင်း သိရသည်။
ဓားခုတ်တိုက်ခိုက်ရခြင်း အကြောင်းရင်းကို မသိရသေး။ တရုတ်ဆိုရှယ်မီဒီယာပေါ်တွင်မူ အမျိုးသမီးသည် အစိုးရကို မကျေနပ်၍ လုပ်ခြင်းဖြစ်ကြောင်း ဆိုလျက်ရှိသည်။
လျူ အမည်ရှိ အမျိုးသမီးကို အခင်းဖြစ်ပွားရာမှာပင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ တရုတ်ဆိုရှယ်မီဒီယာပေါ် တက်လာသော ဗီဒီယိုဖိုင်များအရ ဓားဒဏ်ရာများနှင့် ကလေးများကို ကျောင်းဝင်းထဲမှ သယ်ထုတ်လာသည်ကို တွေ့ရသည်။ ကလေး နှစ်ဦးသေဆုံးသည်ဟု ဆိုရှယ်မီဒီယာများပေါ် ပျံ့နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ရှင်းလင်းပြောကြားသည်။
တရုတ်နိုင်ငံတွင် ယခုကဲ့သို့ အစုအပြုံလိုက် အကြမ်းဖက်တိုက်ခိုက်မှုမျိုး ဖြစ်ခဲလှသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ကျောင်းဝင်းများကို ဓားဖြင့် ဝင်ခုတ်မှုများ ဖြစ်ပွားခဲ့သည်။ ယခုနှစ် ဧပြီကလည်း အသက် ၂၈ နှစ် အမျိုးသားတစ်ဦးက ဓားဖြင့် ခုတ်မှုကြောင့် အလယ်တန်းကျောင်းသား ကိုးဦး သေဆုံးခဲ့ရသည်။ ငယ်စဉ်က ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရဖူးသည်ကို မကျေနပ်သောကြောင့် လက်စားချေခြင်းဖြစ်သည်ဟု ကျူးလွန်သူက ဆိုသည်။ ထိုသူကို ယခုနှစ် စက်တင်ဘာတွင် ကြိုးပေးခဲ့သည်။

















