ဗြိတိန်မင်းသား ဟယ်ရီနှင့်ဇနီး မီဂန်တို့လိုက်ပါလာသည့် ကွမ်တက်စ်လေကြောင်းပိုင် စင်းလုံးငှားလေယာဉ်သည် ဆစ်ဒနီလေဆိပ်သို့ ဆင်းသက်ရာ၌ ပြေးလမ်းအနီးရောက်ပြီးမှ အခြားလေယာဉ်တစ်စီးရှိနေခြင်းကြောင့် ဆင်းသက်မှုကို ခေတ္တရုပ်သိမ်းကာ လေထဲပျံတက်ခဲ့ပြီးနောက် ယင်းနောက်မှ ပြန်လည်ဆင်းသက်ခဲ့ရသည်။
ယင်းအဖြစ်ကို လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် သြစတြေးလျအခြေစိုက် ဘီဘီစီသတင်းထောက်က ဗွီဒီယို မှတ်တမ်းတင်နိုင်ခဲ့သည်။
လေယာဉ်နိမ့်ဆင်းလာပြီး မြေပြင်၌ မော်တော်ကားများသွားလာနေသည်ကို မြင်ရသည်အထိ မြေပြင်နှင့်နီးကပ်နေပြီးမှ ပြေးလမ်းပေါ်ရှိနေသည့် အခြားလေယာဉ်တစ်စီးနှင့် အလွန်နီးကပ်နေခြင်းကြောင့် စက္ကန့်ပိုင်းအတွင် လေယာဉ်မှူးက လေယာဉ်ကို ပြန်ဆွဲတင်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဒုတိယအကြိမ် ပြေးလမ်းသို့ပြန်လည် ချဉ်းကပ်ဆင်းသက်ရာတွင် တစ်စုံတရာအခက်အခဲမရှိဘဲ ချောမွေ့စွာ ဆင်းသက်နိုင်ခဲ့သည်။
ချားလ်စ်မင်းသားနှင့် ဒိုင်ယာနာမင်းသမီးတို့၏ သားငယ်ဖြစ်ပြီး ဆားဆက်ခ်စ်မြို့စားဘွဲ့ခံ ဟယ်ရီနှင့် ဇနီးတို့သည် တွန်ဂါနိုင်ငံသို့ သွားရောက်လည်ပတ်ရာမှ သြစတြေးလျသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ ၄င်းတို့သည် လေးနိုင်ငံသို့ ၁၆ ရက်ကြာခရီး ထွက်ခွာလာခြင်းဖြစ်သည်။

















